ချန်သဘူရီ၊ ထိုင်း — ထိုင်းနှင့် ကမ္ဘောဒီးယားအကြား တင်းမာနေသည့် နယ်စပ်ပြဿနာများကို ဖြေရှင်းရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းတို့၏ ယခင်တောင်းဆိုချက်ကို စွန့်လွှတ်ကာ ထိုင်းနိုင်ငံ၊ ချန်သဘူရီ (Chanthaburi) မြို့တွင် ကျင်းပမည့် အထွေထွေနယ်စပ်ကော်မတီ (GBC) အစည်းအဝေးသို့ တက်ရောက်ရန် သဘောတူလိုက်ပြီဖြစ်သည်။
ယနေ့ (ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီတွင် နှစ်နိုင်ငံမှ အတွင်းရေးမှူးအဆင့် အရာရှိများ စတင်တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်သည်။
ဤဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယားအနေဖြင့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း အောက်ပါအချက် (၅) ချက်ကို အသိအမှတ်ပြုရန် တောင်းဆိုသွားမည်ဖြစ်သည်-
- မြေမြှုပ်မိုင်း: လူသတ်မြေမြှုပ်မိုင်းများကို ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်း။
- သမိုင်းဝင်နေရာများ: ရှေးဟောင်းသမိုင်းဝင်နေရာများကို စစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်း။
- လူနေရပ်ကွက်များ: လက်နက်ကြီးများ ပစ်ခတ်ရန်အတွက် ကျေးရွာများနှင့် လူနေရပ်ကွက်များကို အကာအကွယ်ယူ အသုံးပြုခြင်း။
- အရပ်ဘက်အဆောက်အအုံများ: အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammers) များနှင့် ဆက်နွှယ်သည့် အဆောက်အအုံများကို လက်နက်တိုက်အဖြစ် သုံးစွဲခြင်း။
- လူသားဒိုင်းလွှား: အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုင်းနိုင်ငံကို အပြစ်တင်ရန် ကြိုးပမ်းခြင်း။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ယခုပြုလုပ်နေသည့် ၄ ရက်ကြာ အတွင်းရေးမှူးအဆင့် ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး အသေးစိတ် (Ceasefire details) နှင့် တပ်ဖွဲ့များ ထားရှိမည့် အနေအထား (Force positions) တို့ကို သဘောတူညီချက် မရရှိပါက ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် ကာကွယ်ရေးဝန်ကြီးများ အဆင့် အစည်းအဝေးကို ဖျက်သိမ်းသွားမည် ဖြစ်သည်။
“နည်းပညာပိုင်းဆိုင်ရာ မူဘောင်များကို သဘောမတူနိုင်လျှင် ဝန်ကြီးအဆင့် အစည်းအဝေးမှာ ဆွေးနွေးရန် အကြောင်းမရှိတော့ပါ” ဟု ဝန်ကြီးဌာနက အရိပ်အမြွက် ပြောကြားထားသည်။
ဤအစည်းအဝေးသည် နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်သော နယ်စပ်တိုက်ပွဲများကို အဆုံးသတ်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။
