ကရာဘီ ကုန်တိုက်တွင် ဈေးသည်အချင်းချင်း ဆီပူဖြင့်ပက်၊ ၁၉ နှစ်အရွယ် မိန်းကလေး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကရာဘီမြို့က ကုန်တိုက်တစ်ခုရဲ့ အစားအသောက်တန်းမှာ ဧပြီလ ၄ ရက်နေ့က ဆိုင်နီးချင်းဈေးရောင်းသူအချင်းချင်း ဆီပူနဲ့ပက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အအေးရောင်းတဲ့ အသက် ၁၉ နှစ်အရွယ် Rattika ဟာ ဆိုင်ပိတ်ဖို့ ပြင်ဆင်နေတုန်း ဘေးဆိုင်က အမျိုးသမီးက ဆီပူအိုးနဲ့ ရုတ်တရက် လှမ်းပက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကြောင့် Rattika ရဲ့ ကျောပြင်နဲ့ ခန္ဓာကိုယ်မှာ ပြင်းထန်မီးလောင်ဒဏ်ရာတွေ ရရှိခဲ့လို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။ မျက်မြင်သက်သေတွေအဆိုအရ ကျူးလွန်သူဟာ နာမည်ခေါ်ပြီးမှ တည့်တည့်ပက်ခဲ့တာမို့ မျက်နှာကို ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။

ကျူးလွန်သူဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဈေးဝယ်သူတွေက ဝိုင်းဖမ်းပြီး ရဲလက်အပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကြား အရင်က စကားများဖူးပေမဲ့ အခုအခါမှာတော့ ကျူးလွန်သူက ထွက်ဆိုချက်ပေးဖို့ ငြင်းဆန်နေပါတယ်။

Source; Thaiger