ကျောင်းပြစ်ဒဏ် ထိုင်ထ ၈၀၀ ကြောင့် ကျောင်းသား ၁ ဦး လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရ

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသားငယ် Dol (အမည်လွှဲ) သည် ကျောင်းသင်ခန်းစာ ၅ ဘာသာကို အချိန်မီ မတင်ပြနိုင်ခဲ့ခြင်းကြောင့် ဆရာမဖြစ်သူ၏ ညွှန်ကြားချက်ဖြင့် တစ်ရက်အတွင်း ထိုင်ထ အကြိမ်ပေါင်း ၈၀၀ တိတိ ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ အလွန်အကျွံ ပြစ်ဒဏ်ပေးမှုကြောင့် ကျောင်းသားငယ်မှာ ခြေထောက်ကြွက်သားများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းမလျှောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရပါသည်။ လက်ရှိတွင် ကျောင်းသားအား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရပြီး ဆရာဝန်များက ပြင်းထန်သော ကြွက်သားဒဏ်ရာနှင့် နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်နိုင်ခြေ ရှိ၊ မရှိကို အနီးကပ် စောင့်ကြည့်စစ်ဆေးလျက် ရှိပါသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ Adisak က ကျောင်းသို့ သွားရောက် မေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာ ဆရာမဖြစ်သူက ကျောင်းသား၏ ကျန်းမာရေးအခြေအနေအပေါ် စာနာပူပန်မှု ပြသခြင်း မရှိဘဲ “မကျေနပ်ပါက တိုင်ကြားနိုင်သည်” ဟုသာ တုံ့ပြန်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အဆိုပါ ကျောင်းတွင်ပင် လွန်ခဲ့သော ၁ ပတ်ခန့်က အလားတူ ကာယဒဏ်ပေးမှုကြောင့် ကျောင်းသူ ၂ ဦး ဆေးရုံတက်ရောက်ခဲ့ရသည့် သတင်းများလည်း ထွက်ပေါ်နေပါသည်။

လက်ရှိတွင် Adisak သည် သားဖြစ်သူအား ပြုစုစောင့်ရှောက်ရန်အတွက် လုပ်ငန်းခွင်သို့ မသွားနိုင်ဘဲ ဖြစ်နေရပြီး၊ ကျောင်းသားငယ် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါက ဥပဒေအရ တရားစွဲဆို အရေးယူသွားရန် စီစဉ်လျက် ရှိပါသည်။ မိဘပြည်သူများအနေဖြင့် ကျောင်းများအတွင်း ပညာပေး ဆုံးမရာတွင် ကလေးငယ်များ၏ ဘေးအန္တရာယ်ကို ထိခိုက်စေနိုင်သည့် နည်းလမ်းများ အသုံးမပြုရန် ဝေဖန်ထောက်ပြမှုများ မြင့်တက်လျက် ရှိပါသည်။

Source;Thairath