ချင်းမိုင်၊ ထိုင်း — လန်နာ (Lanna) မင်းနေပြည်တော်ဟောင်း ဖြစ်ခဲ့သည့် ချင်းမိုင်မြို့ကို UNESCO ကမ္ဘာ့အမွေအနှစ် (World Heritage) အဖြစ် အသိအမှတ်ပြုခံရစေရန် ထိုင်းအစိုးရက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပြုလွှာကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် နောက်ဆုံးထား၍ UNESCO သို့ တင်သွင်းသွားမည်ဖြစ်သည်။
“ချင်းမိုင်၊ လန်နာ၏ မြို့တော်” (Chiang Mai, the Capital of Lanna) အမည်ဖြင့် တင်သွင်းမည့် ဤအဆိုပြုလွှာတွင် စုစုပေါင်း ဧရိယာ ၃၈၃ ရိုင် (ဧက ၁၅၀ ကျော်) ပါဝင်ပြီး အောက်ပါ သမိုင်းဝင်နေရာများကို အဓိကထားထားသည်။

ရှေးဟောင်းအဆောက်အအုံများ: ချင်းမိုင်မြို့ရိုးဟောင်း၊ Wat Chiang Man၊ Wat Chedi Luang နှင့် Wat Phra Singh ကျောင်းတော်ကြီးများ။
နာမည်ကြီး ဘုရားကျောင်းများ: Wat Buppharam၊ Wat Umong နှင့် တောင်ပေါ်ရှိ Wat Phra That Doi Suthep။
ရှေးဟောင်းသုတေသနနယ်မြေ: Tha Ram archaeological sites။

ချင်းမိုင်မြို့ကို UNESCO လျာထားစာရင်း (Tentative List) တွင် ထည့်သွင်းခဲ့သည်မှာ ၁၀ နှစ်ရှိပြီဖြစ်ပြီး ယခုမှသာ အပြီးသတ် အဆိုပြုလွှာ တင်သွင်းနိုင်ခြင်းဖြစ်သည်။အကယ်၍ အောင်မြင်ခဲ့ပါက ချင်းမိုင်သည် ထိုင်းနိုင်ငံ၏ ၉ ခုမြောက် UNESCO အမွေအနှစ်နေရာ ဖြစ်လာမည်ဖြစ်ပြီး၊ အစိုးရက တိုက်ရိုက်စီမံသည့် အခြားနေရာများနှင့်မတူဘဲ ဒေသခံလူထုနှင့် ရပ်ကွက်များအတွင်း အတူတည်ရှိနေသည့် ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာမည်ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုစိတ်ဝင်စားလာစေရုံသာမက၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် လန်နာယဉ်ကျေးမှု၊ အနုပညာ၊ ဗုဒ္ဓဘာသာ ထွန်းကားမှုတို့ကို ကမ္ဘာက ပိုမိုသိရှိလာစေမည်ဖြစ်သည်။
ထိုင်းအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ ဤသမိုင်းဝင် မှတ်တိုင်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပြီး ချင်းမိုင်မြို့သူမြို့သားများအတွက် ဂုဏ်ယူစရာ သတင်းကောင်းတစ်ခုပင် ဖြစ်သည်။
Source: Nation Thailand
