ချင်းမိုင်မြို့၊ ချန်းခိန်း (Chang Kian) ရပ်ကွက်ရှိ ဒေသခံများသည် အင်္ဂါနေ့ညနှောင်းပိုင်းက မောင်းခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ်မှစီးဆင်းလာသော ရေများ ၎င်းတို့၏ နေအိမ်များထဲသို့ ရုတ်တရက်ဝင်ရောက်လာခြင်းကြောင့် အထိနာခဲ့ကြသည်။
ည ၁၀ နာရီခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ည ၁၁ နာရီခန့်တွင် ဒွိုင်းစုထပ် (Doi Suthep) တောင်မှ ပြင်းထန်ပြီး လျင်မြန်သော ရေစီးကြောင်းများ ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
မြူနီစီပယ်ရုံး၏ ပြောကြားချက်အရ အိမ်များ၊ ဆိုင်များနှင့် ယာဉ်များ ပျက်စီးခဲ့သည်။
နေအိမ်ပိုင်ရှင်အများစုမှာ ၎င်းတို့၏ ပစ္စည်းများကို အချိန်မီ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ဘဲ၊ အချို့မှာ ရေကြီးချိန်တွင် အိမ်သို့ပင် ပြန်မရောက်နိုင်ခဲ့ကြပေ။ရေအမြင့်သည် ၃၀ စင်တီမီတာမှ ၁ မီတာအထိရှိခဲ့ပြီး စက်ရေတင်စက်ကြီး ၅ လုံးဖြင့် ချွန်ဖရာသန် (Chonprathan) တူးမြောင်းထဲသို့ ရေများကို စုပ်ထုတ်ပြီးနောက် ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီခန့်တွင်သာ ရေကျခဲ့သည်။
ဒေသခံများ၏ ပြောကြားချက်အရ ဤမိုးရာသီအတွင်း ယခုအကြိမ်သည် ရပ်ကွက်ရေကြီးမှု ၈ ကြိမ်မြောက် ဖြစ်ပြီး ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ရပ်ကွက်တစ်ခုလုံးမှာ ရွှံ့များနှင့် အပျက်အစီးများဖြင့် ပြန့်ကျဲနေသည်။
ချန်းဖွဲခ် (Chang Phueak) မြို့နယ်အကြီးအကဲ ခကျန် ကျိယာခဂျွန် (Kachen Jieakkajorn) က ရေကြီးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ချွန်ဖရာသန် တူးမြောင်းပေါ်ရှိ တံတားတိုးချဲ့ တည်ဆောက်မှုကြောင့် တောင်ပေါ်မှစီးဆင်းလာသော ရေများကို ဆင်းနိုင်ရန်ရှိသည့် ရေနုတ်မြောင်းပိုက်ကို ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြဿနာကို ဖြေရှင်းရန်အတွက် ကျေးလက်လမ်းဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သူက ထပ်မံပြောကြားခဲ့ပါသည်။

Source: Bangkok Post