အီတလီရှိ အလုပ်သမားသမဂ္ဂများက “လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန်” နှင့် အစ္စရေးမှ ကြားဖြတ်ဖမ်းဆီးခံရသည့် “Global Sumud Flotilla” (လူသားချင်းစာနာထောက်ထားမှု အကူအညီရေယာဉ်တန်း) ကို ကာကွယ်ရန်အတွက် အထွေထွေသပိတ်ကို ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
သောကြာနေ့ ဆန္ဒပြပွဲများတွင် လူဦးရေ နှစ်သန်းကျော် ပါဝင်ခဲ့သည်။မီလန် (Milan) တွင် လူဦးရေ ၈၀,၀၀၀ ကျော် ဆန္ဒပြခဲ့ပြီး ပါလက်စတိုင်းအလံများ ဝှေ့ယမ်းကာ “ပါလက်စတိုင်း လွတ်မြောက်ပါစေ၊ စစ်ယန္တရားကို ရပ်တန့်ပါ” ဟူသော ဗီနိုင်းကြီးကို ကိုင်ဆောင်ချီတက်ခဲ့ကြသည်။ ရောမ (Rome) တွင် သောကြာနေ့က ပါဝင်သူ ၃၀၀,၀၀၀ ခန့် ရှိခဲ့ကြောင်း CGIL က သတင်းထုတ်ပြန်ခဲ့သည်။
အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပါဝင်ခဲ့သဖြင့် ရထား၊ လေကြောင်း၊ မြေအောက်ရထားနှင့် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စာသင်ကျောင်းများ ရပ်တန့် ခဲ့ရသည်။ ဆန္ဒပြသူများသည် ပီဆာ (Pisa)၊ ပက်စကာရာ (Pescara)၊ ဘိုလော့ဂ်နာ (Bologna) နှင့် မီလန်အနီးရှိ အဝေးပြေးလမ်းမကြီးများကို ပိတ်ဆို့ခဲ့ပြီး လီဗော်နို (Livorno) ဆိပ်ကမ်းဝင်ပေါက်ကိုလည်း ပိတ်ပစ်ခဲ့ကြသည်။
CGIL ခေါင်းဆောင် Maurizio Landini က ဤသပိတ်သည် လူမျိုးတုံးသတ်ဖြတ်မှုကို ကန့်ကွက်ပြီး၊ လူသားအချင်းချင်းအကြား ညီရင်းအစ်ကိုစိတ်ဓာတ် ကို ကာကွယ်ရန်နှင့် လူသားချင်းစာနာမှုကို အဓိကပြန်ထားရန်ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Giorgia Meloni သည် အစ္စရေး၏ ဓားစာခံများကို ပြန်လွှတ်ပြီး ဟားမတ်စ် (Hamas) ကို နောင်အုပ်ချုပ်ရေးတွင် ဖယ်ရှားပါက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည် ဟု ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။ သို့သော် ဆန္ဒပြသူများသည် မည်သည့် အခြေအနေမှ မပါဘဲ အခြေအနေမဲ့ ထောက်ခံရန်တောင်းဆိုနေကြသည်။
ဖိအား ဆက်လက်မြင့်တက်ခြင်း: ရောမရှိ အမေရိကန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လက်ထောက်ပါမောက္ခ Andrea Dessi က အီတလီအစိုးရသည် “အထိမခံနိုင်သော အနေအထား” သို့ ရောက်ရှိနေပြီး၊ ဖိအားများ ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းခဲ့သည်။

စနေနေ့ တွင် ရောမ၌ ပိုမိုကြီးမားသော ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားပြီး၊ ပါလက်စတိုင်းကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်က “မနက်ဖြန် ပါလက်စတိုင်းအတွက် တစ်သန်း ဖြစ်ရမည်” ဟု တိုက်တွန်းပြောကြားခဲ့သည်။
ဆန္ဒပြသူများ၏ တောင်းဆိုချက်များတွင် ကျန်ရှိနေသေးသော အီတလီလူမျိုးများအား Flotilla မှ ပြန်လွှတ်ပေးရန်၊ ပါလက်စတိုင်းနိုင်ငံကို အခြေအနေမဲ့ ထောက်ခံရန် နှင့် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးအပေါ် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်တို့ ပါဝင်သည်။
လက်ယာယိမ်းအစိုးရသည် ဖိအားများကို လိုက်လျောဖွယ်မရှိသော်လည်း၊ ယခုကဲ့သို့ ဆန္ဒပြမှုများကြောင့် အစ္စရေးအရာရှိများအပေါ် အနည်းငယ် ပိုမိုတင်းမာသော လေသံ ကို ကျင့်သုံးလာခဲ့သည်။ ဝန်ကြီးချုပ် Meloni ကမူ သပိတ်မှောက်သူများသည် ရက်ရှည်အားလပ်ရက် ယူရန်အတွက် ဆန္ဒပြပွဲများကို အကြောင်းပြနေခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
အစ္စရေးရေတပ်က အကူအညီပေးရေး ရေယာဉ်တန်းရှိ ၄၂ စီးလုံးကို တရားမဝင် ကြားဖြတ် ဖမ်းဆီး ခဲ့သည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူ ၄၀ ဦးအနက် အီတလီ လွှတ်တော်အမတ် ၄ ဦး (အီတလီပါလီမန်အမတ် ၂ ဦးနှင့် ဥရောပပါလီမန်အမတ် ၂ ဦး) ကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပြီး ရောမသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ရာသီဥတုလှုပ်ရှားသူ Greta Thunberg နှင့် နယ်လ်ဆင်မင်ဒဲလား၏ မြေး တို့လည်း ပါဝင်သည်။
ရေယာဉ်တန်းနှင့် သက်ဆိုင်သည့် ဆန္ဒပြပွဲများသည် ဥရောပမှသည် သြစတြေးလျနှင့် တောင်အမေရိကအထိ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည်။ ရေယာဉ်တန်း စတင်ထွက်ခွာရာ ဘာစီလိုနာ တွင်လည်း လူပေါင်း ၁၅,၀၀၀ ခန့် ချီတက်ဆန္ဒပြခဲ့ကြသည်။
Source: Al Jazeera