အမေရိကန်သမ္မတ Donald Trump (ဒေါ်နယ်လ် ထရမ့်) သည် တော်ဝင်ယာဉ်ဖြင့် ဂျပန် ဘုရင့်နန်းတော် (Imperial Palace)သို့ ညနေ ၆:၃၀ နာရီခန့်တွင် ရောက်ရှိလာပြီး ဧကရာဇ်မင်းမြတ်က ပြုံးရွှင်စွာ လက်ဆွဲနှုတ်ဆက်ကာ နန်းတော်အတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ခန့်မှန်းခြေ မိနစ် ၃၀ ခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တော်ဝင်နန်းတော် အိမ်တော်အဖွဲ့၏ ပြောကြားချက်အရ တွေ့ဆုံမှု အစပိုင်းတွင် သမ္မတထရမ့်က ဧကရာဇ်မင်းမြတ်နှင့် စကားပြောဆိုခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်အသစ် Sanae Takaichi (ဆနဲ တာကအီချီ)လက်ထက်တွင် ဂျပန်-အမေရိကန် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဧကရာဇ် Naruhito (နာရုဟီတို) က သမ္မတထရမ့်၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုအားကောင်းစေမည်ဟု မျှော်လင့်ကြောင်း တုံ့ပြန်ခဲ့သည်။ ထရမ့်သည် ၎င်းရာထူးလက်ခံပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည့် လုပ်ဆောင်ချက်များကို ဧကရာဇ်မင်းမြတ်အား ရှင်းပြခဲ့သည်။ ဧကရာဇ်မင်းမြတ်ကမူ ကမ္ဘာတစ်ဝန်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဝမ်းနည်းပူပန်မိကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးနေကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
ဧကရာဇ်မင်းမြတ်က ထရမ့်သည် Los Angeles Dodgers အသင်းအတွက် ကစားနေသော ဂျပန်ဘေ့စ်ဘောကြယ်ပွင့် Shohei Ohtani (ရှိုဟေး အိုတာနီ) အား မြင့်မားစွာ သဘောထားခြင်းအတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ သမ္မတထရမ့်ကလည်း Dodgers အသင်းဖော် Yoshinobu Yamamoto (ယိုရှီနိုဘူး ယာမာမိုတို) ကို ရည်ညွှန်း၍ ဂျပန် ပစ်ချသူ တစ်ဦးလည်း ကောင်းမွန်စွာ စွမ်းဆောင်ရည်ပြသခဲ့သည်ဟု ပြောဆိုခဲ့သည်။

ဧကရာဇ် နာရုဟီတိုက သမ္မတထရမ့်က ၂၀၁၉ ခုနှစ်တွင် လက်ဆောင်ပေးခဲ့သော ဗီယိုလာ (viola)ဂီတတူရိယာကို နှစ်သက်ပြီး တစ်ခါတစ်ရံ တီးခတ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က ဧကရာဇ်နှင့် ဧကရီ Masako (မာဆာကို) တို့ကို White House သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
နန်းတော်မှ ထွက်ခွာစဉ် သတင်းထောက်များအား ထရမ့်က ဧကရာဇ်မင်းမြတ်အား “ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး” ဟု ချီးကျူးပြောဆိုခဲ့သည်။ ဧကရာဇ် နာရုဟီတိုသည်လည်း ကားပေါ် တက်ရောက်သွားသော သမ္မတအား လက်ပြနှုတ်ဆက်ကာ ပို့ဆောင်ခဲ့သည်။
ဤသည်မှာ သမ္မတထရမ့်၏ ဧကရာဇ် နာရုဟီတိုနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ မေလက ဧကရာဇ် နာရုဟီတို နန်းတက်ပြီးနောက် ပထမဆုံး နိုင်ငံတော် ဧည့်သည်များအဖြစ် ထရမ့်နှင့် သမ္မတကတော် Melania Trump (မီလာနီယာ ထရမ့်) တို့ လာရောက်လည်ပတ်စဉ်က ပထမဆုံး တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
Source: Nation Thailand
