စတူးခရိုင်၊ La-ngu နယ်မြေတွင် ဇန်နဝါရီလ ၁၃ ရက် မနက် ၃ နာရီခန့်က အသက် ၄၅ နှစ်အရွယ် “စော” (Saw) အမည်ရှိ မြန်မာအမျိုးသားတစ်ဦးသည် လမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်များကို အကြောင်းမဲ့ လိုက်လံဖျက်ဆီးခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။
CCTV မှတ်တမ်းများအရ ၎င်းအမျိုးသားသည် အိမ်ရှေ့တွင် ရပ်ထားသည့် ကားနှစ်စီးကို ကျောက်ခဲဖြင့် စတင်ထုခွဲခဲ့သည်။ ထိုသို့ထုခွဲသံကြောင့် အိမ်နီးနားချင်းများ နိုးလာခဲ့ကြသည်။ ထို့နောက် ၎င်းသည် ကျောက်ခဲအစား ၂၉ လက်မခန့် ရှည်သော သံလက်ကိုင်ပါ မြေတူးကိရိယာ (digging tool) ကို အသုံးပြုကာ လမ်းဘေးတစ်လျှောက် ရပ်ထားသည့် ကားများကို ဆက်တိုက် လိုက်လံထုခွဲခဲ့သည်။ ဒေသခံတစ်ဦးက ၎င်း၏ကားကို ထုခွဲနေသည်ကို မြင်တွေ့ခဲ့ရသော်လည်း ၎င်းအမျိုးသားမှာ လက်နက်ကိုင်ထားပြီး အလွန်ကြမ်းတမ်းနေသဖြင့် အပြင်ထွက်၍ မတားရဲခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က သတင်းရရှိပြီး တစ်နာရီအကြာတွင် ၎င်းအမျိုးသားကို မြေတူးကိရိယာနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းကို စစ်ဆေးရာတွင် ဆီးစစ်ချက်အရ မူးယစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိရသည်။အလုပ်သမားလက်မှတ် (Work Permit) မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူ ဖြစ်နေသည်။
ရဲတပ်ဖွဲ့က ၎င်းကို အများပိုင်ပစ္စည်း ဖျက်ဆီးမှု၊ တရားမဝင် ဝင်ရောက်မှု နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု အစရှိသည့် အမှု ၃ ခုဖြင့် တရားစွဲဆိုထားသည်။ ဤသတင်းကြောင့် စိတ်ဆိုးဒေါသထွက်နေသော ဒေသခံများမှာလည်း ရဲစခန်းရှေ့တွင် စုရုံးရောက်ရှိခဲ့ကြသည်။
အလားတူဖြစ်စဉ်မျိုး ပတ္တရား (Pattaya) တွင်လည်း ဖြစ်ပွားခဲ့ပြီး အရက်မူးနေသည့် ဘယ်လ်ဂျီယံ ခရီးသွားတစ်ဦးက 7-11 ဆိုင်အတွင်း ဝင်ရောက်ကာ ဝိုင်ပုလင်း ၁၀ ပုလင်းထက်မနည်း ထုခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ကြောင်း သိရသည်။

Source: Thaiger
