တရုတ်၏ K ဗီဇာဖြင့် နိုင်ငံခြားသား ပါရမီရှင်များ ဆွဲဆောင်ရေး စတင်

တရုတ်နိုင်ငံဟာ ၎င်းရဲ့ သိပ္ပံနဲ့ နည်းပညာစွမ်းရည် မြှင့်တင်ရေး အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ကို စတင်လိုက်ပါပြီ။ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာ (STEM) နယ်ပယ်က နိုင်ငံခြားသား ပညာရှင်များကို ပစ်မှတ်ထားတဲ့ “ကေ ဗီဇာ” (K Visa) အစီအစဉ်သစ်ကို အောက်တိုဘာလ (၁) ရက်၊ ဗုဒ္ဓဟူးနေ့က စတင်ကျင့်သုံးလိုက်တာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ဗီဇာလုပ်ထုံးလုပ်နည်းတွေကို ပိုမိုရိုးရှင်းစေတာ၊ အမြဲတမ်းနေထိုင်ခွင့်ကတ်ကို ဒီဇိုင်းအသစ် ရေးဆွဲတာတွေနဲ့အတူ ပေကျင်းရဲ့ အမျိုးသားအဆင့် မဟာဗျူဟာထဲမှာ ပါဝင်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Silicon Valley (ဆီလီကွန်ဗယ်လီ) အတွက် အရေးပါတဲ့ အိပ်ချ်-ဝမ်း-ဘီ (H-1B) ဗီဇာ အတွက် စည်းကမ်းချက်တွေကို တင်းကျပ်ခဲ့တာကြောင့် တရုတ်ရဲ့ ဒီလှုပ်ရှားမှုဟာ ကမ္ဘာ့အာရုံကို ဖမ်းစားနေပါတယ်။

ဗီဇာအစီအစဉ်ရဲ့ ရည်ရွယ်ချက်နှင့် အလားအလာ

ကေ ဗီဇာ စီမံချက်ဟာ နိုင်ငံတော်က သိပ္ပံ၊ အရည်အချင်းရှိသူနဲ့ ဆန်းသစ်တီထွင်မှုတို့ကို ဖွံ့ဖြိုးတိုးတက်ရေး အဓိကမောင်းနှင်အားအဖြစ် အလေးပေးထားတဲ့ မဟာဗျူဟာများနဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။ ဗီဇာ စတင်မိတ်ဆက်ပြီးနောက်ပိုင်းမှာ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှ စိတ်ဝင်စားမှုများပြားပြီး စုံစမ်းမေးမြန်းမှု ၃၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ သတင်းရရှိပါတယ်။

သို့သော်လည်း တရုတ်ဟာ နိုင်ငံခြားသားတွေကို နိုင်ငံသားအဖြစ် ပေးအပ်လေ့မရှိသလောက် နည်းပါးပြီး အမြဲတမ်းနေထိုင်ခွင့်ရရှိဖို့လည်း ခက်ခဲနေဆဲပါ။ လုပ်ငန်းခွင်ပတ်ဝန်းကျင်ပိုင်းမှာလည်း အင်္ဂလိပ်စကားပြောသူတွေအတွက် အခက်အခဲတွေ ရှိနေတာကြောင့် တရုတ်ကုမ္ပဏီတွေဟာ အမေရိကန်က လုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းကျင့်ဝတ်တွေကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမြဲတမ်းနေထိုင်ခွင့် လက်မှတ် ၁၀,၀၀၀ အောက်သာ ထုတ်ပေးခဲ့ဖူးတာကြောင့် ချက်ချင်းဆိုသလို နိုင်ငံခြားသားပညာရှင် အများအပြား ဝင်ရောက်လာဖို့ မဖြစ်နိုင်သေးဘူးလို့ လေ့လာသူများက သုံးသပ်ထားပါတယ်။

အမေရိကန်ရဲ့ မူဝါဒအပေါ် သက်ရောက်မှု

ကေ ဗီဇာ စတင်ကျင့်သုံးမှုဟာ အမေရိကန်ရဲ့ အိပ်ချ်-ဝမ်း-ဘီ (H-1B) ကန့်သတ်ချက်တွေနဲ့ တိုက်ရိုက်ဆက်စပ်မှုတော့ မရှိပေမယ့်၊ အမေရိကန်ရဲ့ ပြည်တွင်းရေးကို ပိုမိုအာရုံစိုက်တဲ့ မူဝါဒကြောင့် တရုတ်နိုင်ငံလို နိုင်ငံတွေက နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကို ဆွဲဆောင်ဖို့အတွက် သွယ်ဝိုက်သော အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်လို့ လေ့လာသူများစွာက သုံးသပ်နေကြပါတယ်။

Source: The Nation Thailand