တိုက်ပွဲဖြစ်ပွားမှုနှင့် ကုန်သွယ်ရေး ရပ်ဆိုင်းပြီးနောက် ပါကစ္စတန် စစ်တပ်မှ အာဖဂန်နယ်စပ်တွင် အသင့်အနေအထားထား 🚨

ပါကစ္စတန် စစ်တပ်များသည် အာဖဂန်နစ္စတန်နှင့် နယ်စပ်တစ်လျှောက်တွင် တနင်္လာနေ့ (အောက်တိုဘာ ၁၃ ရက်) ၌ အထူးအသင့်အနေအထား ဖြင့် တပ်လှန့်ထားသည်။ စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နှစ်ဖက်အကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒါဇင်နှင့်ချီသော လူများ သေဆုံးခဲ့ပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ပဋိပက္ခကို အဆုံးသတ်ရန် ကူညီနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ၂,၆၀၀ ကီလိုမီတာ (မိုင် ၁,၆၀၀) ရှည်လျားသော နယ်စပ်တစ်လျှောက်ရှိ ဖြတ်ကျော်ဂိတ်များကို ပိတ်လိုက်သည့်အတွက် နှစ်ဖက်နယ်စပ်တွင် ကုန်တင်ယာဉ် ဒါဇင်ပေါင်းများစွာ ရပ်တန့်နေကြောင်း ပါကစ္စတန် စက်မှုလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

ပါကစ္စတန်က အာဖဂန်နစ္စတန်တွင် ခိုအောင်းနေသော စစ်သွေးကြွများ သည် ပါကစ္စတန်၌ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းအပေါ် တာလီဘန်တို့အား အရေးယူရန် တောင်းဆိုပြီးနောက် တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်။ တာလီဘန်တို့ကမူ ပါကစ္စတန် စစ်သွေးကြွများ အာဖဂန်နစ္စတန်တွင် ရှိနေခြင်းကို ငြင်းဆိုသည်။

ပါကစ္စတန် စစ်တပ်မှ စစ်သား ၂၃ ဦး သေဆုံးခဲ့ကြောင်း ပြောကြားသည်။ တာလီဘန်ကလည်း ၎င်းတို့၏ တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးခဲ့ကြောင်း ပြောသော်လည်း နှစ်ဖက်လုံးက တစ်ဖက်စီတွင် သေဆုံးမှု ပိုများကြောင်း အခိုင်အမာ ပြောဆိုကြသည်။ သို့သော် ဤပြောဆိုချက်များကို အတည်မပြုနိုင်သေးပေ။

Photo Courtesy of The Guardian

“အာဖဂန် တာလီဘန်တပ်ဖွဲ့တွေရဲ့ ဆွပေးမှုမရှိဘဲ တိုက်ခိုက်မှုတွေ ကြောင့် စနေနေ့ကတည်းက ဝင်ထွက်ပေါက်အားလုံး ပိတ်ထားပါတယ်” ဟု ပါကစ္စတန် လုံခြုံရေးအရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့ညတွင် သေနတ်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု အနည်းငယ်ရှိခဲ့သော်လည်း အခြေအနေမှာ အလုံးစုံ တည်ငြိမ်နေ ကြောင်း နောက်ထပ် အရာရှိတစ်ဦးက ဆိုသည်။

အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Enayatullah Khowarazmiက နယ်စပ်ရှိ “လက်ရှိအခြေအနေ” မှာ ပုံမှန်ဖြစ်သည်ဟု ပြောကြားသည်။ တာလီဘန် နိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi ကလည်း အာဖဂန်နစ္စတန်သည် မည်သူနှင့်မျှ တိုက်ခိုက်လိုစိတ်မရှိကြောင်းနှင့် “စစ်ပွဲသည် ပြဿနာများ၏ အဖြေမဟုတ်၊ ဆွေးနွေးရန် လိုအပ်သည်” ဟု ပြောကြားခဲ့သည်။ဖြတ်ကျော်ဂိတ်များ ပိတ်ထားသောကြောင့် ကုန်သွယ်ရေးနှင့် အခြား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သည့် ပါကစ္စတန် အစိုးရရုံးများ ပိတ်ထားသည်။

Pak-Afghan Joint Chamber of Commerce and Industry မှ Zia Ul Haq Sarhadi က “ကွန်တိန်နာတွေနဲ့ ထရပ်ကားတွေ အပါအဝင် ကုန်ပစ္စည်းတင်ထားတဲ့ ယာဉ်တွေဟာ နယ်စပ်နှစ်ဖက်စလုံးမှာ ပိတ်မိနေပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် သွင်းကုန်၊ ပို့ကုန်နဲ့ ဖြတ်သန်းကုန်သွယ်ရေး ပစ္စည်းတွေ သယ်ဆောင်လာတာကြောင့် နိုင်ငံနှစ်ခုနဲ့ ကုန်သည်တွေကို ရူပီးသန်းပေါင်းများစွာ ဆုံးရှုံးစေပါတယ်” ဟု ပြောကြားခဲ့သည်။ ပါကစ္စတန်သည် ကုန်းတွင်းပိတ် ဆင်းရဲသော အာဖဂန်နစ္စတန်အတွက် အဓိက ကုန်ပစ္စည်းနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးရာ ဖြစ်သည်။

Photo Courtesy of DW News

တိုက်ပွဲဖြစ်ပွားမှုသည် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ ထရမ့်သည် ဂါဇာစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးသို့ လေကြောင်းခရီးဖြင့် သွားရောက်စဉ် တိုက်ပွဲအကြောင်းကို ကြားသိရပြီး မကြာမီ ၎င်း၏ အာရုံစိုက်မှုကို ပေးမည်ဟု ပြောကြားခဲ့သည်။

“ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားမှာ အခု စစ်ပွဲဖြစ်နေတယ်လို့ ကျွန်တော် ကြားတယ်။ ကျွန်တော် ပြန်လာတဲ့အထိ စောင့်ရမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်တော် စစ်ပွဲတွေ ဖြေရှင်းတာ ကောင်းတယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာ ကောင်းတယ်ဆိုတော့ နောက်ထပ်တစ်ခု လုပ်နေတယ်လေ” ဟု ထရမ့်က ပြောခဲ့သည်။

နယ်စပ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ ကလည်း နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲများအတွက် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ပြောကြားသည်။ “ပါကစ္စတန်-အာဖဂန်နစ္စတန် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားဖို့ တရုတ်က ဆန္ဒရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပေကျင်းတွင် ပြောကြားခဲ့သည်။

ကာဘူးလ်မြို့က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကာတာ နှင့် ဆော်ဒီအာရေဗျ ၏ တောင်းဆိုမှုကြောင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Al Jazeera