ဘန်ကောက်မြို့အလယ်ရှိ ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံးတက္ကသိုလ်ဖြစ်သော Chulalongkorn University ၏ ကျောင်းဝင်းသည် နိုင်ငံခြားကျောင်းသားအရေအတွက် တိုးလာသည်နှင့်အမျှ ပိုမို၍ နိုင်ငံတကာတက္ကသိုလ်ဖြစ်လာခဲ့ပါသည်။
လက်ရှိတွင် ကျောင်းသားစုစုပေါင်း ၄၁,၀၀၀ ကျော်ထဲမှ ၃,၂၀၀ ခန့်သည် နိုင်ငံခြားသားကျောင်းသားများဖြစ်ပြီး အစိုးရနှင့် တက္ကသိုလ်မှ ထပ်မံတိုးချဲ့ပေါင်းထည့်ရန် စိတ်ပါဝင်စားနေကြသည်။
Chulalongkorn တက္ကသိုလ်မှ ပညာရေးဆိုင်ရာနှင့် လူမှုရေးလုပ်ငန်းများအတွက် ဒုတိယဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ Parichart Sthapitanonda က “တက္ကသိုလ်တိုင်းဟာ ကျောင်းသားတွေကို ဆွဲဆောင်ဖို့ ပိုပြီးခက်ခဲလာတာကို တွေ့ရပါတယ်” ဟု ပြောကြားသည်။
“ဒါကြောင့် ကျွန်မတို့ဟာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေရဲ့ သွားလာမှု ပိုမိုလွယ်ကူလာအောင် ကြိုးစားခဲ့ပါတယ်။ မကြာသေးမီကလည်း ဥပဒေမဟာဌာနမှာ ၃+၁ ပညာရေးအစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်အရ ဘွဲ့ကြိုကျောင်းသားတွေဟာ ပထမသုံးနှစ်ကို ဘန်ကောက်မှာနေပြီး နောက်ဆုံးတစ်နှစ်ကို ပြည်ပတက္ကသိုလ်တစ်ခုမှာ သွားရောက်သင်ယူကာ တက္ကသိုလ်နှစ်ခုကနေ ဘွဲ့နှစ်ခုရရှိမှာဖြစ်ပါတယ်။”

QS World University Rankings အရ ပညာရေးဆိုင်ရာဂုဏ်သတင်းတွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းအဖွဲ့အစည်းအဖြစ် ဆယ့်လေးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သော်လည်း Chulalongkorn တက္ကသိုလ်သည် အရှေ့တောင်အာရှနှင့် ကမ္ဘာ့နေရာအနှံ့အပြားရှိ အဆင့်မြင့်ပညာရေးနယ်ပယ်တွင် ယှဉ်ပြိုင်မှုမှ ကင်းလွတ်ခြင်းမရှိသေးပါ။
မလေးရှားနိုင်ငံ၏ သက်တမ်းအရင့်ဆုံး အဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်သော Universiti Malaya တွင်လည်း အလားတူ ရည်မှန်းချက်များဖြင့် စည်ကားနေသည်။ ပါမောက္ခ Yahaya Bin Ahmad သည် Chulalongkorn တက္ကသိုလ်မှ လာရောက်လည်ပတ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် သူ၏မျှော်မှန်းချက်ကို ဖော်ပြခဲ့သည်။ “ကျွန်တော်တို့ရဲ့ ဘွဲ့ကြိုကျောင်းသားတွေဟာ ဘွဲ့မရခင် အနည်းဆုံးတစ်ကြိမ်တော့ ပြည်ပကို သွားရပါမယ်” ဟု ၎င်းက ပြောသည်။
“ကျောင်းသားတွေ ပြည်ပကို သွားရောက်ဖို့ အားပေးနိုင်အောင် ငွေကြေးအကူအညီ ပေးသွားမှာပါ” ဟုလည်း သူက ထပ်မံပြောကြားခဲ့တယ်။ ထိုအချက်သည် Chulalongkorn တက္ကသိုလ် ဝန်ထမ်းနှင့် ကျောင်းသားများ ပိုမိုဖလှယ်ရန် အစီအစဉ်များနှင့် ကိုက်ညီသည်။ တက္ကသိုလ်နှစ်ခုစလုံးသည် ဆက်ဆံရေးပိုမိုနက်ရှိုင်းစေရန်သာမက နိုင်ငံတကာကျောင်းသားများအတွက် အရှေ့တောင်အာရှသည် လျစ်လျူရှုခံနေရာ မဟုတ်တော့သည့် ခေတ်သစ်ကို မည်သို့ ရင်ဆိုင်ရမည်ကိုလည်း သင်ယူရန် ရည်ရွယ်သည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: Bangkok Post