ထိုင်းတွင် ပထမဆုံး “ကြက်တူရွေးအဖျားရောဂါ” အတည်ပြုတွေ့ရှိ

ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) လက်အောက်ရှိ သတင်းမှားတိုက်ဖျက်ရေးစင်တာ (AFNC) သည် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော “ကြက်တူရွေးအဖျားရောဂါ” သတင်းမှာ သတင်းမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ၎င်းသည် ကောလာဟလမဟုတ်ဘဲ ပြည်သူများ သတိပြုရမည့် ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။

၂၀၂၅ ခုနှစ် နှောင်းပိုင်းတွင် ပထမဆုံး လူနာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အကြောင်းရင်း: လူနာသည် လေဝင်လေထွက်မကောင်းသော နေရာတွင် ငှက်များမွေးမြူထားပြီး၊ ငှက်လှောင်အိမ် သန့်ရှင်းရေးလုပ်စဉ် မည်သည့် အကာအကွယ်ပစ္စည်း (Mask သို့မဟုတ် လက်အိတ်) ကိုမျှ အသုံးမပြုခဲ့ခြင်းကြောင့် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိအခြေအနေ: လူနာသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သည်။

Psittacosis (ကြက်တူရွေးအဖျား) ဆိုတာဘာလဲ?

၎င်းသည် Chlamydophila psittaci ဟုခေါ်သော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး ငှက်မျိုးစုံ (ကြက်တူရွေး၊ ခို၊ ဘဲ၊ ကြက်ဆင်) တို့တွင် တွေ့ရတတ်သည်။

ကူးစက်ပုံ: ငှက်၏ အညစ်အကြေး (ချေးခြောက်)၊ အမွေးအမှင် သို့မဟုတ် နှာရည်၊ တံတွေးတို့မှ ထွက်လာသော အမှုန်အမွှားများကို လေထဲမှတစ်ဆင့် ရှူမိရာမှ လူကို ကူးစက်ခြင်း ဖြစ်သည်။

သတိထားရမည့် လက္ခဏာများ:

  • အဖျားတက်ခြင်းနှင့် ချမ်းတုန်ခြင်း။
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း။
  • ချောင်းခြောက်ဆိုးခြင်း။

ကာကွယ်ရန် အကြံပြုချက်များ (ရောဂါထိန်းချုပ်ရေးဦးစီးဌာန)

၁။ တိုက်ရိုက်မထိတွေ့ပါနှင့် – မလိုအပ်ဘဲ ငှက်များ သို့မဟုတ် ငှက်ချေးများကို လက်ဖြင့် တိုက်ရိုက်မကိုင်ပါနှင့်။

၂။ အကာအကွယ်ယူပါ – ငှက်လှောင်အိမ် သန့်ရှင်းရေးလုပ်လျှင် သို့မဟုတ် ငှက်ကို ပြုစုလျှင် နှာခေါင်းစည်း (Mask) နှင့် လက်အိတ်ကို အမြဲဝတ်ဆင်ပါ။

၃။ သန့်ရှင်းရေး – တိရစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ၄။ ချက်ချင်းပြပါ: အကယ်၍ ငှက်နှင့် ထိတွေ့ဖူးပြီးနောက် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း ဖြစ်လာပါက ဆရာဝန်ထံ ချက်ချင်းပြသပြီး ငှက်နှင့် ထိတွေ့ခဲ့ကြောင်း ပြောပြပါ။

Source;Nation Thailand