ထိုင်းနိုင်ငံ နည်းပညာနှင့် အာကာသဖွံ့ဖြိုးတက်ရေး အေဂျင်စီ (GISTDA) ၏ ထုတ်ပြန်ချက်အရ ယနေ့ အင်္ဂါနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံရှိ ပြည်နယ်ပေါင်း ၅၉ ခု၌ ကျန်းမာရေးကို အလွန်အန္တရာယ်ပေးနိုင်သည့် PM2.5 အမှုန်အမွှားများမှာ ဘေးကင်းလုံခြုံမှု အဆင့်ထက် ကျော်လွန်ကာ ဖုံးလွှမ်းလျက်ရှိကြောင်း သိရှိရပါသည်။
အထူးသဖြင့် ဘန်ကောက်မြို့နှင့် ပတ်ဝန်းကျင်ဒေသ ကိုးခုတွင် လေထုညစ်ညမ်းမှုသည် အနီရောင်အဆင့်သို့ ရောက်ရှိနေပြီး၊ Samut Sakhon ပြည်နယ်တွင် 85.7 microgrammes အထိ တိုင်းထွာရရှိခဲ့ပါသည်။ ၎င်းပမာဏသည် အစိုးရမှ သတ်မှတ်ထားသည့် ဘေးကင်းလုံခြုံမှု အဆင့်ဖြစ်သော 37.5 microgrammes ထက် နှစ်ဆကျော် ပိုမိုမြင့်မားနေခြင်း ဖြစ်ပါသည်။
အလယ်ပိုင်းဒေသရှိ ဘန်ကောက်၊Samut Songkhram ၊ နခွန်ပထုံနှင့် အယုဒ္ဓယ အပါအဝင် ပြည်နယ်အများအပြားတွင် လေထုအရည်အသွေး အလွန်ဆိုးရွားနေသကဲ့သို့၊ အခြားပြည်နယ် ၅၁ ခုတွင်လည်း လိမ္မော်ရောင်အဆင့်ဖြင့် ကျန်းမာရေးကို စတင်ထိခိုက်နေပြီ ဖြစ်ပါသည်။ သို့သော်လည်း မြောက်ပိုင်းဒေသဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင် ပြည်နယ်တို့တွင်မူ လေထုအရည်အသွေး ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ အန္တရာယ်ရှိသည့် အနီရောင်နှင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသော ဒေသများတွင် နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ပြင်ပလှုပ်ရှားမှုများကို တတ်နိုင်သမျှ လျှော့ချကြရန်နှင့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အထူးဂရုပြု ဆောင်ရွက်ကြပါရန် တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားပါသည်။
Source: Bangkok Post
