ထိုင်းနိုင်ငံ၏ စက်သုံးဆီစျေးနှုန်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွင် အဓိကကျသည့် ဒီဇယ်စျေးနှုန်းမှာ တစ်လီတာလျှင် ၄၀.၇၄ ဘတ် အထိ ရောက်ရှိသွားကြောင်း သိရသည်။
စက်သုံးဆီရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီ (OFMC) ၏ မတ်လ (၃၀) ရက် ညပိုင်းအရေးပေါ်ဆုံးဖြတ်ချက်အရ PTT နှင့် Bangchak အစရှိသည့် ဆီအရောင်းဆိုင်ကြီးများတွင် ဒီဇယ်စျေးကို တစ်လီတာလျှင် ၁.၈၀ ဘတ် နှင့် ဓာတ်ဆီအုပ်စုကို ၁ ဘတ် စီ အသီးသီး တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ စျေးနှုန်းခုန်တက်သွားရခြင်းမှာ ကမ္ဘာ့ဒီဇယ်စျေးနှုန်းသည် ပဋိပက္ခများမတိုင်မီက တစ်စည်လျှင် ၉၂ ဒေါ်လာဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ၂၃၈ ဒေါ်လာဝန်းကျင်အထိ အဆမတန် မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ရှင်းလင်းပြောကြားထားသည်။
လက်ရှိတွင် ထိုင်းအစိုးရအနေဖြင့် စားသုံးသူများအပေါ် သက်ရောက်မှုသက်သာစေရန် စက်သုံးဆီရန်ပုံငွေမှတစ်ဆင့် စိုက်ထုတ်ထောက်ပံ့မှုများ ပြုလုပ်ပေးနေသော်လည်း၊ မတ်လ (၂၉) ရက်နေ့အထိ စာရင်းများအရ စက်သုံးဆီရန်ပုံငွေမှာ ဘတ် ၄၂ ဘီလီယံကျော် အထိ အရှုံးပေါ်နေပြီဖြစ်သည်။ ကမ္ဘာ့စက်သုံးဆီစျေးကွက်မှာ ဆက်လက်မတည်ငြိမ်သေးသည့်အတွက် ရှေ့လာမည့်ရက်များတွင်လည်း စျေးနှုန်းအပြောင်းအလဲများ ထပ်မံရှိလာနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။
ဘန်ကောက်မြို့ရှိ နောက်ဆုံးရ စက်သုံးဆီစျေးနှုန်းများ (တစ်လီတာလျှင်):
- Diesel: 40.74 Baht
- Gasohol 95: 42.05 Baht
- Gasohol 91: 41.68 Baht
- Petrol: 50.64 Baht
- Super Power Diesel: 56.44 Baht
Source; Nation Thailand
