ထိုင်းနိုင်ငံ၊ နွန်ထဘူရီပြည်နယ်မှ ပျောက်ဆုံးနေကြောင်း သတင်းပို့ထားသည့် အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးသည် သူမ၏မိဘများက ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်သည်ဟုဆိုကာ မိဘများထံ ပြန်မလိုက်လိုကြောင်း ငြင်းဆိုခဲ့သည်။
ယင်းမိန်းကလေး၏ မိဘများဖြစ်ကြသည့် အသက် (၄၅) နှစ်အရွယ် မာမက်ရဲဟိန်းနှင့် အသက် (၄၀) အရွယ် အာရှဘွေတို့သည် ၎င်းတို့၏သမီးလေး သည် ဇူလိုင်လ (၂၄) ရက်နေ့ နံနက် (၈) နာရီခန့်တွင် နွန်ထဘူရီရှိ ၎င်းတို့နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီးနောက် သြဂုတ်လ (၁၂) ရက်နေ့တွင် ထိုင်းသတင်းဌာနများထံမှ အကူအညီတောင်းခံခဲ့သည်။
၎င်းတို့ဇနီးမောင်နှံက သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း Bang Si Mueang ရဲစခန်းတွင် သတင်းပို့ခဲ့သော်လည်း သဲလွန်စတစ်စုံတစ်ရာ မရခဲ့ပေ။ ၎င်းတို့၏သမီး ပျောက်ဆုံးနေသည်မှာ ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သောကြောင့် အသက်အန္တရာယ်ကြုံတွေ့နိုင်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

Bang Si Mueang ရဲစခန်းမှ ရဲမှူးကြီး Somchai Jaeng-dhamma က ပျောက်ဆုံးနေသော မိန်းကလေးကို Ayutthaya ပြည်နယ်အလယ်ပိုင်းရှိ သူငယ်ချင်းတစ်ဦး၏နေအိမ်တွင် တွေ့ရှိခဲ့ကြောင်း မနေ့က သြဂုတ်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
သူမ၏သူငယ်ချင်း မိသားစုသည် သတင်းများမှတစ်ဆင့် သိရှိခဲ့ပြီးနောက် Bang Si Mueang ရဲစခန်းရှိ အရာရှိများကို ဆက်သွယ်ရန် ပြောကြားခဲ့သည်။ ထို့နောက် သူမသည် တက္ကစီဖြင့် ရဲစခန်းသို့ သွားရောက်ခဲ့သော်လည်း ကားခပေးချေရန် ပိုက်ဆံမပါရှိသဖြင့် သူမ၏မိုဘိုင်းဖုန်းကို လဲလှယ်ရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ကားခကို နောက်ပိုင်းတွင် ပေးချေပေးခဲ့သည်။
ရဲမှူး Somchai က Channel 7 သို့ ပြောကြားရာတွင် မိန်းကလေးသည် မိဘများထံ ပြန်မလိုက်လိုကြောင်းနှင့် မိဘများနှင့် တွေ့ဆုံရန် ပြင်းထန်စွာ ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ သူမ၏မိဘများက အတင်းအကျပ် အလုပ်ခိုင်းစေခြင်းနှင့် ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။
ရဲအရာရှိများသည် ထိုမိန်းကလေးအတွက် ယာယီစောင့်ရှောက်မှုပေးနိုင်ရန် နွန်ထဘူရီပြည်နယ် ကလေးသူငယ်နှင့် မိသားစုစောင့်ရှောက်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မိဘများနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်။
အဆိုပါ စောင့်ရှောက်ရေးဌာန၏ ခေါင်းဆောင် Warin Weerasunthon က ယခုတစ်ကြိမ်သည် မိန်းကလေး အိမ်မှ ထွက်ပြေးသည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သူမသည် ယခင်က ၇ ကြိမ် သို့မဟုတ် ၈ ကြိမ် ထွက်ပြေးခဲ့ဖူးပြီး အဆိုပါ စောင့်ရှောက်ရေးဌာနမှပင် အကြိမ်များစွာ ထွက်ပြေးခဲ့ဖူးသည်။
Warin က သူမအား ကိုယ်ရေးအချက်အလက်ကတ်ပြားရရှိအောင် ကူညီပေးခြင်း၊ ကျောင်းတက်ရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူရန် တိုက်တွန်းခြင်းဖြင့် ယခုတစ်ကြိမ်တွင် ပံ့ပိုးကူညီပေးမည်ဟု ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် မိန်းကလေးအား စောင့်ရှောက်ရေးဌာနတွင် ထားရှိရန် ဖြစ်နိုင်ခြေရှိမရှိကို မိဘများနှင့် ဆွေးနွေးရန်လည်း စီစဉ်နေကြောင်း သူမက ပြောကြားခဲ့ပါသည်။

Source: Thaiger