ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နာဝပ်ထရာအပေါ် ဘုရင်စနစ်ကို စော်ကားမှု (lese majeste) နဲ့ ကွန်ပျူတာမှုခင်းအက်ဥပဒေ ချိုးဖောက်မှု စွဲချက်တင်ထားတဲ့အမှုကို ရာဇဝတ်တရားရုံးက သောကြာနေ့ (ဩဂုတ် ၂၂) မှာ ပယ်ချလိုက်ပါတယ်။
ဒီအမှုက ထက်ဆင်ဟာ (၂၀၁၅) ခုနှစ်၊ မေလတုန်းက တောင်ကိုရီးယား ရုပ်သံဌာနတစ်ခုကို ပေးခဲ့တဲ့ အင်တာဗျူးတစ်ခုနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတာပါ။ အဲဒီမှာ သူဟာ ထိုင်းရာဇဝတ်ဥပဒေ ပုဒ်မ (၁၁၂) အရ ဘုရင်စနစ်ကို စော်ကားမှုနဲ့ ကွန်ပျူတာမှုခင်းအက်ဥပဒေ ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ထက်ဆင်ကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ရုံးတင်စစ်ဆေးနေစဉ်အတွင်း အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။
တရားရုံးက တရားလိုဘက်က သက်သေတွေကို ဇူလိုင် (၁) ရက်ကနေ (၃) ရက်အထိ၊ တရားခံဘက်က သက်သေတွေကိုတော့ ဇူလိုင် ၁၆ ရက်နေ့မှာ ကြားနာခဲ့ပါတယ်။ ထက်ဆင်ရဲ့ ရှေ့နေ ဝိညတ် ချတ်မွန်ထရီ (Winyat Chartmontri) က ကာကွယ်ရေးအတွက် သက်သေသုံးဦးကို တင်ပြခဲ့ပါတယ်။ သူတို့ကတော့ ထက်ဆင် ရှင်နာဝပ်ထရာ ကိုယ်တိုင်၊ ဒုတိယဝန်ကြီးချုပ်ဟောင်း ဝိစ္ဆာနု ခရီယ-ငန်မ် (Wissanu Krea-ngam) နဲ့ တရားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဟောင်း တွန့်ထွန့် ချန်ဒရန်ဆု (Tongthong Chandransu) တို့ ဖြစ်ကြပါတယ်။
ကြားနာပွဲအားလုံးကို သီးသန့်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်ပက ဘယ်သူမှ တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။ သက်ဆင်ကတော့ သက်သေထွက်ဆိုချက်တွေကို နားထောင်ဖို့အတွက် အစည်းအဝေးတိုင်းကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အတူပါလာတဲ့ အရေးပါတဲ့ နိုင်ငံရေးသမားတွေနဲ့ မိသားစုဝင်တွေဆီက ပံ့ပိုးမှုတွေကို ရရှိခဲ့ပါတယ်။
ဒီနေ့မနက်မှာတော့ ဖာဟွန်ယိုထင် ရဲစခန်း (Phahonyothin Police Station) က ရဲအင်အားများစွာဟာ တရားရုံးအပြင်ဘက်မှာ စနစ်တကျ ရှိနေစေဖို့ ဆောင်ရွက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဝင်ခွင့်လက်မှတ် ရရှိထားတဲ့ ထိုင်းနဲ့ နိုင်ငံတကာ မီဒီယာ သတင်းသမားတွေဟာ သတ်မှတ်ထားတဲ့ သတင်းစာရှင်းလင်းပွဲဧရိယာမှာ စုရုံးနေခဲ့ကြပါတယ်။
မနက် ၉:၃၀ မှာတော့ ထက်ဆင်ဟာ ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင် ဝုန်ဆဝတ် (Somchai Wongsawat) နဲ့ သူ့ရဲ့ ရှေ့နေ ဝိညတ် တို့နဲ့အတူ စီရင်ချက်ကို နားထောင်ဖို့အတွက် တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။
Source: The Nation Thailand