ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နတ်သဖုန်း (Dr. Nutthapong Wongwiwat) ရဲ့ ပြောကြားချက်အရ အခုလို စက်ရုပ်နည်းပညာအသုံးပြုတာဟာ ခွဲစိတ်မှုမှာ ပိုမိုတိကျစေပြီး လူနာတွေအတွက်လည်း ဘေးထွက်ဆိုးကျိုး နည်းပါးစေမှာ ဖြစ်ပါတယ်။
ရာဇဝိထီဆေးရုံဟာ နှလုံးမှာ အပေါက်ပါတဲ့လူနာတစ်ဦးနဲ့ နှလုံးအဆို့ရှင်ကျဉ်းတဲ့ လူနာတစ်ဦးတို့ကို စက်ရုပ်အကူအညီနဲ့ အောင်မြင်စွာ ခွဲစိတ်ပေးခဲ့တာဖြစ်ပြီး လူနာနှစ်ဦးစလုံး ဘေးကင်းစွာ ပြန်လည်ကျန်းမာလာပြီ ဖြစ်ပါတယ်။ စက်ရုပ်သုံးခွဲစိတ်မှုဟာ ခွဲစိတ်ရာ အလွန်သေးငယ်တာကြောင့် သွေးထွက်နည်းခြင်း၊ နာကျင်မှုသက်သာခြင်းနဲ့ လူနာဟာ ခွဲစိတ်ပြီး ၂ ရက်ကနေ ၄ ရက်အတွင်း ဆေးရုံက ဆင်းနိုင်တဲ့အထိ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။
ဒီနှလုံးခွဲစိတ်မှု မတိုင်ခင် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အတွင်းမှာ ရာဇဝိထီဆေးရုံဟာ စက်ရုပ်အကူအညီသုံး အဆုတ်ခွဲစိတ်မှုပေါင်း ၆၀ ကျော်ကို ဘေးကင်းစွာ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွေ့အကြုံကောင်းတွေ ရှိထားပြီးသား ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် သြစတြေးလျနိုင်ငံ၊ Geelong တက္ကသိုလ်ဆေးရုံမှ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး Assistant Professor Cheng-Hon Yap က အကြံပေးပညာရှင်အဖြစ် ပါဝင်ကူညီခဲ့ပါတယ်။
အစိုးရအနေနဲ့ ရာဇဝိထီဆေးရုံကို စက်ရုပ်သုံးနှလုံးခွဲစိတ်မှုဆိုင်ရာ ထူးချွန်စင်တာ (National Centre of Excellence) အဖြစ် တည်ထောင်သွားဖို့ ရည်မှန်းထားပြီး နောင်မှာ ပြည်ပသွားစရာမလိုဘဲ ပြည်တွင်းမှာတင် ဒီနည်းပညာကို သင်ကြားဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။
Source; The Nation
