ထိုင်းနိုင်ငံ ချင်းရှိုင်(R) မြို့သည် အမျိုးသမီး ဒစ်ဂျစ်တယ် ခရီးသွားအလုပ်လုပ်သူများအတွက် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အလုံခြုံဆုံးမြို့အဖြစ် သတ်မှတ်ခံရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဤအဆင့်သတ်မှတ်ချက်သည် ထိုင်ပေမြို့၊ ထိုင်ဝမ်ကိုသာ လိုက်မီသည်။
ခရီးသွားလာရေး ပလက်ဖောင်း Holidu နှင့် Nomads.com တို့ ပူးပေါင်းပြီး ဒစ်ဂျစ်တယ် နိုမက်များ အများဆုံး ရွေးချယ်လေ့ရှိသည့် မြို့ပေါင်း ၂၀၀ မှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကာ ဤအစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာတွင် ထည့်သွင်းစဉ်းစားခဲ့သော အဓိကအချက်များမှာ ညဘက်တွင် တစ်ဦးတည်းလမ်းလျှောက်ခြင်း၏ ဘေးကင်းလုံခြုံမှု၊ အမျိုးသမီးများနှင့် နိုင်ငံခြားသားများအပေါ် ဖော်ရွေမှု၊ အမျိုးသားနှင့် အမျိုးသမီး ဒစ်ဂျစ်တယ် နိုမက်များ၏ အချိုးအစားနှင့် လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုမှ ကာကွယ်ပေးသော အလုပ်ခွင်ဥပဒေများ ရှိ၊ မရှိတို့ဖြစ်သည်။

ထိပ်ဆုံး (၁၀) မြို့စာရင်းတွင် အရှေ့တောင်အာရှမှ အခြားမြို့များဖြစ်သော မလေးရှားရှိ ပီနန်းနှင့် အင်ဒိုနီးရှားရှိ အူဘတ်မြို့တို့သည်လည်း အမျိုးသမီး ဒစ်ဂျစ်တယ် နိုမက်များအတွက် ဘေးကင်းလုံခြုံပြီး ဆွဲဆောင်မှုရှိသော နေရာများအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
ထိုင်းအာဏာပိုင်များက ဤအဆင့်သတ်မှတ်ချက်သည် နိုင်ငံတစ်ဝန်းရှိ ခရီးသွားနေရာများတွင် ဘေးကင်းလုံခြုံရေးအစီအမံများကို မြှင့်တင်ထားခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့တွင် လုံခြုံရေးအေဂျင်စီအမျိုးမျိုးကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားအကူအညီပေးရေးစင်တာများ တည်ထောင်ခြင်းနှင့် ခရီးသွားရဲတပ်ဖွဲ့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ပြီး ယင်းတို့အားလုံးသည် ဧည့်သည်များ၏ ယုံကြည်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။
အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဤအောင်မြင်မှုသည် ထိုင်းနိုင်ငံ၏ အလားအလာကို အတည်ပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီအဆင့်သတ်မှတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တွေဟာ ကမ္ဘာ့အဆင့်မီ ဘေးကင်းလုံခြုံရေးစံနှုန်းတွေ ရှိပြီး ကျား၊မ၊အသက်အရွယ်မရွေး ခရီးသွားဧည့်သည်တွေကို ကြိုဆိုဖို့ အသင့်ရှိနေကြောင်း၊ အထူးသဖြင့် ဆက်လက်တိုးပွားနေတဲ့ ဒစ်ဂျစ်တယ်နိုမက်အဖွဲ့ဝင်တွေကို ကြိုဆိုဖို့ အသင့်ရှိနေကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
Source: The Nation Thailand