ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုများ ပြေလည်စေဖို့အတွက် နှစ်နိုင်ငံ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်လည်ရောက်ရှိလာခြင်းကို ရုရှားအစိုးရက တရားဝင် ကြိုဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၅ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ၂၀၂၅ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခအသွင် ကူးပြောင်းလာသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ၎င်းမှာ အနောက်နိုင်ငံများ၏ ကိုလိုနီဝါဒလက်ထက်က ကျန်ရစ်ခဲ့သည့် နယ်မြေအမွေဆိုးများကြောင့်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးမှာ ရုရှား၏ ကာလရှည် မိတ်ဖက်များဖြစ်သဖြင့် လက်ရှိ တင်းမာမှုများအပေါ် အထူးစိုးရိမ်မိကြောင်းလည်း ဆိုပါတယ်။
ရုရှားအနေဖြင့် အရပ်သားထိခိုက်မှုများ မရှိစေရန် နှစ်ဖက်စလုံးက ထိန်းသိမ်းကြဖို့နှင့် ပြီးခဲ့သည့် အောက်တိုဘာလ၂၆ ရက်နေ့က ကွာလာလမ်ပူတွင် သဘောတူထားသည့် ပူးတွဲကြေညာချက်အတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားပါတယ်။ အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး ပိုမိုဆိုးရွားလာချိန်တွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု အခြေခံမူများဖြင့် အငြင်းပွားမှုများကို ကျော်လွှားရန် အရေးကြီးကြောင်း Zakharovaက အလေးပေး ပြောကြားခဲ့ပါတယ်။
Source: Nation Thailand
