ထိုင်းဗဟိုဘဏ်က ငွေသားအများအပြား ထုတ်ယူမှုနှင့် ရွှေအရောင်းအဝယ်များကို တင်းကျပ်စွာ စစ်ဆေးမည်

ထိုင်းဗဟိုဘဏ် ဥက္ကဋ္ဌ Vitai Ratanakorn က တရားမဝင် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရန်အတွက် ဘဏ်များမှ ငွေသားအမြောက်အမြား ထုတ်ယူမှုကို စောင့်ကြည့်အစီရင်ခံရန်နှင့် ရွှေအရောင်းအဝယ် ပမာဏများကို ကန့်သတ်ရန် ပြင်ဆင်နေကြောင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ဘဏ်များမှ ငွေသား ဘတ် ၃ သန်း မှ ၅ သန်း ကြားနှင့် အထက် ထုတ်ယူပါက ဘဏ်များအနေဖြင့် ဗဟိုဘဏ်သို့ အစီရင်ခံရမည်ဖြစ်ပြီး၊ အဆိုပါအသေးစိတ်ကို ဇန်နဝါရီလကုန်တွင် အတည်ပြုမည်ဖြစ်သည်။ငွေထုတ်ယူသူများသည် ၎င်းတို့ ငွေထုတ်ယူရသည့် “ရည်ရွယ်ချက်” ကို ဘဏ်သို့ တိကျစွာ ပြောကြားရမည်ဖြစ်သည်။”ယခုခေတ်တွင် မြေဝယ်ခြင်းကဲ့သို့သော ငွေပမာဏများပြားသည့် ကိစ္စရပ်များကို ဘဏ်မှတစ်ဆင့် လွှဲပြောင်းခြင်း သို့မဟုတ် ချက်လက်မှတ်ဖြင့် ပြုလုပ်နိုင်ပါလျက်နှင့်၊ ငွေသား ဘတ် ၃ သန်းကျော် ထုတ်ယူခြင်းကို သံသယဖြစ်ဖွယ်အဖြစ် စတင်သတ်မှတ်ရပါလိမ့်မည်” ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။

ဗဟိုဘဏ်သည် ရွှေဈေးကွက်မှတစ်ဆင့် ငွေခဝါချမှုကို တားဆီးရန် အစီအမံ ၃ ခုကို ထုတ်ပြန်ထားသည် –

  • ကုန်သည်ကြီးများ – လွန်ခဲ့သည့် ၅ နှစ်အတွင်း ရွှေသွင်းကုန်/ပို့ကုန် စုစုပေါင်းတန်ဖိုး ဘတ် ၁၀ ဘီလီယံ ကျော်ရှိသည့် ကုန်သည်များသည် ဗဟိုဘဏ်သို့ အစီရင်ခံရမည် (တော်ဝင်ပြန်တမ်းတွင် ထည့်သွင်းပြီးဖြစ်သည်)။
  • ရွှေဆိုင်များ – ဘတ် သန်း ၂၀ ကျော်သော ရွှေအရောင်းအဝယ် မှတ်တမ်းများကို သိမ်းဆည်းထားရမည်။
  • အွန်လိုင်းပလတ်ဖောင်းများ – ထိုင်းဘတ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်သည့် ရွှေအက်ပ် (Gold Apps) များတွင် တစ်နေ့လျှင် အရောင်းအဝယ်ပမာဏကို ဘတ် သန်း ၅၀ ထက်မပိုစေရန် ကန့်သတ် (Cap) မည်ဖြစ်သည်။ (အမေရိကန်ဒေါ်လာဖြင့် အရောင်းအဝယ်လုပ်သော အက်ပ်များ မပါဝင်ပါ)။

ငွေသားနှင့် ရွှေအရောင်းအဝယ်များကို စစ်ဆေးခြင်းဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အဂတိလိုက်စားမှုများကို လျှော့ချရန်ဖြစ်သည်။သာမန်အလုပ်အကိုင်ရှိသူတစ်ဦး၏ အကောင့်ထဲတွင် နေ့စဉ် သန်းနှင့်ချီသော ငွေများ ဝင်ထွက်နေပါက ၎င်းကို ချက်ချင်း စစ်ဆေးဖြတ်တောက်နိုင်ရန် ရည်ရွယ်သည်။ရွှေအရောင်းအဝယ်သည် တစ်ခါတစ်ရံ စတော့ရှယ်ယာဈေးကွက်ထက်ပင် အရောင်းအဝယ် ပိုများနေတတ်သဖြင့် ဥပဒေကြောင်းအရ ပိုမိုခိုင်မာစွာ ထိန်းချုပ်လိုခြင်း ဖြစ်သည်။

Source: The Nation