ဘုရင်မ ဆီရီကစ်( Queen Sirikit ) အား အလှအပနှင့် ဂုဏ်သိက္ခာအတွက် ချစ်ခင်လေးစားကြသော်လည်း၊ သူမကို အမှန်တကယ် ထူးခြားစေခဲ့သည့်အရာမှာ မျှော်မှန်းချက်၊ အမြင်နှင့် နိုင်ငံတကာ သံတမန်အဖြစ် ပြည့်စုံသော လုပ်ဆောင်ချက်များပင် ဖြစ်သည်။ ဖက်ရှင်နယ်ပယ်တွင် အထူးသဖြင့် ထိုင်းနိုင်ငံ၏ မူလအလှအပကို ဖော်ဆောင်ပေးခြင်းနှင့် ထိုင်းပိုးချည်ကို ကမ္ဘာ့ဖက်ရှင်လောကသို့ တင်ဆက်ပေးနိုင်ခြင်းတို့သည် သူမ အကျိုးသက်ရောက်မှု၏ အဓိကအချက်များ ဖြစ်ကြသည်။
၁၉၆၀ ပြည့်နှစ်တွင် ဘုရင်မကြီး ဆီရီခစ်နှင့် ဘုရင် ရာမ (၉) တို့သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတစ်ခွင်သို့ သံတမန်ရေးရာ ခရီးစဉ်ကို စတင်ခဲ့သည်။ ယင်းခရီးစဉ်သည် ထိုင်းနိုင်ငံသမိုင်းတွင် မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ထိုအချိန်က ထိုင်းနိုင်ငံသည် ဒေသတွင်း ကွန်မြူနစ်ဝါဒကို တန်ပြန်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO)တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ဘုရင် ရာမ (၉) သည် ခရီးစဉ်၏ နိုင်ငံရေးဆိုင်ရာ ကဏ္ဍများကို အာရုံစိုက်နေချိန်တွင် ဘုရင်မကြီး ဆီရီခစ်က ထိုင်းနိုင်ငံ၏ ကြွယ်ဝသော အမွေအနှစ်များ၊ အထူးသဖြင့် ထိုင်းပိုးထည်များကို ကမ္ဘာကို မိတ်ဆက်ပေးရန် အခွင့်အရေးယူခဲ့သည်။ ဤခရီးစဉ်မတိုင်မီက ထိုင်းပိုးထည်များကို ခေတ်နောက်ကျပြီး ရှေးဆန်သည်ဟု ရှုမြင်ခဲ့ကြသည်။ သို့သော် ဘုရင်မကြီး ဆီရီခစ်တွင် မတူညီသော အမြင်တစ်ခုရှိခဲ့သည်။
ဘုရင်မကြီးသည် ထိုင်းပိုးထည်ကို ရိုးရိုးဝတ်ဆင်ခြင်းထက် ခေတ်မီပြီး ကျက်သရေရှိသော ဖက်ရှင်ထုတ်ကုန်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ပြင်သစ်ဒီဇိုင်နာ Pierre Balmain နှင့် ပူးပေါင်းကာ ဂန္ထဝင်ပြင်သစ်ပုံစံများကို ဒေသတွင်း လက်မှုပညာနှင့် ပေါင်းစပ်၍ ထိုင်းပိုးထည်ဖြင့် ပြုလုပ်ထားသော ခေတ်မီပြီး တော်ဝင်ဆန်သည့် ဝတ်စုံများကို ဖန်တီးခဲ့သည်။
ဤပေါင်းစပ်မှုသည် ဖက်ရှင်တော်လှန်ရေးတစ်ခုဖြစ်လာပြီး ထိုင်းပိုးထည်သည် ရှေးရိုးအထည်တစ်မျိုးမှ ဖက်ရှင်အဆင့်မြင့် ဝတ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဘုရင်မကြီး ဆီရီခစ်၏ ဖန်တီးမှုများကို ပဲရစ်မြို့အပါအဝင် ဂုဏ်သိက္ခာအရှိဆုံး ဖက်ရှင်မြို့တော်များတွင် ပြသခဲ့ရာ ပြင်သစ်သတင်းစာများက သူမအား “ကမ္ဘာ့အလှဆုံး ဘုရင်မ” ဟု ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
သူမ၏ ဝတ်စုံများသည် အဝတ်အစားများမျှသာ မဟုတ်ဘဲ ထိုင်းယဉ်ကျေးမှုနှင့် ထိုင်းလူမျိုးများ၏ ထူးခြားသောလက္ခဏာကို ဖော်ညွှန်းသည့် သင်္ကေတများ ဖြစ်လာခဲ့သည်။ သူမသည် ထိုင်းပိုးထည်ကို ရှေးခေတ်လက်မှုပညာတစ်ခုအဖြစ်မှ ကျက်သရေရှိမှုနှင့် ခေတ်မီမှု၏ သင်္ကေတအဖြစ် ကမ္ဘာအဝှမ်းသို့ ပြောင်းလဲပြသနိုင်ခဲ့သည်။

ဘုရင်မကြီး၏ ကြိုးပမ်းအားထုတ်မှုများသည် ဖက်ရှင်နှင့်တင် ရပ်တန့်မနေခဲ့ပါ။ ထိုင်းပိုးထည်ကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘာအဝှမ်းရှိလူများ ထိုင်းပိုးထည်ကို ပိုမိုဝယ်ယူလာစေရန် တွန်းအားပေးခဲ့ပြီး ထိုင်းနိုင်ငံရှိ ကျေးလက်ဒေသမှ လက်မှုပညာရှင်များကိုပါ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခဲ့ပြီး ပိုးထည်ရက်လုပ်ခြင်း အနုပညာကို ထိန်းသိမ်းထားနိုင်စေပြီး မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းနိုင်ရန် အထောက်အကူပြုခဲ့သည်။
ဘုရင်မကြီး ဆီရီခစ်သည် ထိုင်းပိုးထည်နှင့် ပတ်သက်၍ အောင်မြင်ခဲ့သည်မှာ လှပသော အနုပညာတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းမျှသာ မဟုတ်ဘဲ ဖက်ရှင်ကို သံတမန်ရေးရာ လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူမ၏ တော်ဝင်ဝတ်စုံများမှတစ်ဆင့် ထိုင်းနိုင်ငံသည် မည်သူဖြစ်ကြောင်း၊ မည်သည့်အရာကို ကိုယ်စားပြုကြောင်း ကမ္ဘာကို ပြသခဲ့သည်။ သူမသည် ယဉ်ကျေးမှုနှစ်ခုကြားတွင် တံတားတစ်စင်းကို ဖန်တီးပေးခဲ့ပြီး ထိုင်းလက်မှုပညာနှင့် ယဉ်ကျေးမှု၏ အလှအပများကို ပြသရင်း နိုင်ငံတကာဆက်ဆံရေးကိုပါ ခိုင်မာစေခဲ့သည်။
ယနေ့ခေတ်တွင် ဘန်ကောက်မြို့ရှိ Queen Sirikit Museum of Textiles တွင် သူမ၏ ဂန္ထဝင် ထိုင်းရိုးရာဝတ်စုံများကို ပြသထားပြီး သူမ၏ အမွေအနှစ်များ ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ဤပြတိုက်သည် ထိုင်းယဉ်ကျေးမှုနှင့် ကမ္ဘာ့ဖက်ရှင်လောကအပေါ် သူမ၏ သက်ရောက်မှုများကို သက်သေပြနေသည်။
ဒါကြောင့် ဘုရင်မ ဆီရီကစ်သည် ဖက်ရှင်အိုင်ကွန်သာမက၊ ထိုင်းယဉ်ကျေးမှုအပေါ် ကမ္ဘာ့အမြင်ကို ပြောင်းလဲစေနိုင်သော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပြီး၊ သူ၏ အမွေအနှစ်သည် ထိုင်းနိုင်ငံသားများ၏ ဂုဏ်သိက္ခာအဖြစ် ထာဝရအသက်ဝင်နေမည်ဖြစ်သည်။
Source: The Nation Thailand