ထိုင်းရောက် ကမ္ဘောဒီးယားလုပ်သား ၅ သိန်းနီးပါး၏ အနာဂတ် ဝေဝါးနေ

ဘန်ကောက်၊ ထိုင်း — ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးသည် ထိုင်းအစိုးရ၏ မရေရာသော မူဝါဒများနှင့် နယ်စပ်တင်းမာမှုများကြောင့် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ အလုပ်သမားကိုယ်စားလှယ်များ၏ ပြောကြားချက်အရ ၎င်းတို့သည် လက်ရှိတွင် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကို ပြင်းထန်စွာ ခံစားနေရသည်။

ထိုင်းဝန်ကြီးချုပ်က ကမ္ဘောဒီးယားလုပ်သားများအတွက် အလုပ်လုပ်ကိုင်ခွင့် (Work Permit) မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များကို အကန့်အသတ်မရှိ ရွှေ့ဆိုင်း လိုက်ကြောင်း ကြေညာထားသည်။ခွင့်ပြုချက်ရထားသည့် လုပ်သား ၄ သိန်းကျော်အနက် ၂၅% ခန့် (လူဦးရေ ၁၀၃,၇၁၁ ဦး) သည် လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ဗီဇာသက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ နယ်စပ်ပဋိပက္ခများကြောင့် ထိုင်းပြည်သူအချို့၏ အမုန်းပွားမှုကို ခံနေရပြီး၊ ဖမ်းဆီးခံရမည်ကိုလည်း ထိတ်လန့်နေကြသည်။

Photo Courtesy of Khaosod

အလုပ်သမားကိုယ်စားလှယ် Saing Ry က ထိုင်းအစိုးရနှင့် ဝန်ကြီးချုပ်ထံ အောက်ပါအချက်များကို အသနားခံ တောင်းဆိုထားသည်-

သက်တမ်းတိုးခွင့်ပေးရန်: ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရန် ဗီဇာနှင့် ပါမစ်များကို သက်တမ်းတိုးခွင့် ပြန်လည်ပေးရန်။

ရှင်းလင်းသော မူဝါဒထုတ်ပြန်ရန်: အကယ်၍ ဆက်လက်လက်မခံတော့ပါက နေရပ်ပြန်ရန် ပြင်ဆင်နိုင်အောင် တရားဝင် ထုတ်ပြန်ချက်ကို အမြန်ဆုံး ထုတ်ပေးရန်။

နယ်စပ်ဂိတ်များမှ ပြန်ခွင့်ပေးရန်: လေယာဉ်လက်မှတ်ခ မတတ်နိုင်သည့် အခြေခံအလုပ်သမားများအတွက် ပုံမှန်နယ်စပ်ဂိတ်များမှတစ်ဆင့် ဘေးကင်းစွာ ထွက်ခွာခွင့်ပေးရန်။

ဖမ်းဆီးမှုများ ရပ်တန့်ရန်: ဤရွှေ့ဆိုင်းထားသည့် ကာလအတွင်း အလုပ်သမားများကို ဖမ်းဆီးခြင်း မပြုရန်။

နယ်စပ်တင်းမာမှုများကြောင့် ကမ္ဘောဒီးယားလုပ်သားများကို ရန်သူကဲ့သို့ မမြင်ကြရန် Saing Ry က မေတ္တာရပ်ခံထားသည်။”ကျွန်မတို့ကို မမုန်းကြပါနဲ့၊ ကျွန်မတို့လည်း လူသားတွေပါပဲ။ လူကောင်း၊ လူဆိုးဆိုတာ လူမျိုးပေါ်မှာ မမူတည်ဘဲ သူ့ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပေါ်မှာပဲ မူတည်ပါတယ်။” လက်ရှိတွင် နယ်စပ်တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဆုံးရှုံးမှုများရှိနေခြင်းအပေါ် အလုပ်သမားများက များစွာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် ၎င်းတို့သည် တရားမဝင်နေထိုင်လိုသူများ မဟုတ်ဘဲ အခြေအနေအရ ရွေးချယ်စရာမရှိ ဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။

Source: Khaosod