၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျရောက်မည့် ချစ်သူများနေ့နှင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် တရုတ်နှစ်သစ်ကူးကာလများတွင် လူစည်ကားမည်ဖြစ်သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် ဒုတိယရဲချုပ် Pol Gen Thatchai Pitanilabut က ညွှန်ကြားထားသည်။
လူငယ်များသည် ဖျော်ဖြေရေးကလပ်များ၊ ခရီးသွားနေရာများနှင့် ဟိုတယ်များသို့ သွားရောက်မှု များပြားနိုင်သဖြင့် အောက်ပါအချက်များကို အလေးထားစစ်ဆေးမည်။မှုခင်းကာကွယ်ရေး: လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု၊ တရားမဝင် လူစုလူဝေးပြုလုပ်မှုနှင့် လမ်းပေါ်တွင် တရားမဝင် ဆိုင်ကယ်/ကား ပြိုင်မောင်းခြင်းများကို တားဆီးရန် ကင်းလှည့်မှုများ တိုးမြှင့်မည်။ ဖျော်ဖြေရေးနေရာများအား အသက်မပြည့်သေးသူများကို အရက်ရောင်းချခြင်း ရှိ၊ မရှိနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိကို တင်းကျပ်စွာ စစ်ဆေးမည်။
လူငယ်များကို တရားမဝင်လုပ်ငန်းများတွင် စည်းရုံးခြင်း သို့မဟုတ် ညစ်ညမ်းစာပေနှင့် ဗီဒီယိုများ ပြန့်နှံ့စေခြင်းတို့ကို အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်သွားမည်ဖြစ်သည်။
ဒါအပြင် ဟိုတယ်နှင့် တည်းခိုခန်းများအား အသက်မပြည့်သေးသူများ အခန်းငှားရမ်းခြင်းကို တားဆီးရန် မှတ်ပုံတင် (ID Card) စစ်ဆေးမှုများ တင်းကျပ်ရမည်ဖြစ်ပြီး မသင်္ကာဖွယ်ရာတွေ့ရှိပါက ရဲတပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားရန် တိုက်တွန်းထားသည်။
ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ခရီးသွားလာမှုနှင့် ပွဲလမ်းသဘင်များ များပြားမည်ဖြစ်သဖြင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုနှင့် အခြားဒုစရိုက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးအင်အား တိုးမြှင့်ချထားမည်။ပွဲတော်ကာလအတွင်း မီးဘေးအန္တရာယ်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်လည်း အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အဆိုပါအားလပ်ရက်များအတွင်း ပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။
Source: The Nation
