ထိုင်းရွှေကုန်သည်ကြီးများ ဗဟိုဘဏ်သို့ အစီရင်ခံရန်နှင့် အရောင်းအဝယ်ပမာဏ ကန့်သတ်ရန် စီစဉ်

ထိုင်းနိုင်ငံ၏ တော်ဝင်ပြန်တမ်း (Royal Gazette) တွင် ဖော်ပြချက်အရ လွန်ခဲ့သည့် ၅ နှစ်အတွင်း ပျမ်းမျှနှစ်စဉ် အရောင်းအဝယ်ပမာဏ ဘတ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂၀ သန်းခန့်) နှင့်အထက် ရှိသော ရွှေကုန်သည်များသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဗဟိုဘဏ် (BoT) သို့ အစီရင်ခံရမည်ဖြစ်ပြီး အရောင်းအဝယ်မှတ်တမ်းများကို အနည်းဆုံး ၃ နှစ်ကြာ သိမ်းဆည်းထားရမည် ဖြစ်သည်။

ရွှေအရောင်းအဝယ်များကြောင့် ထိုင်းဘတ်ငွေတန်ဖိုး အဆမတန် မြင့်တက်လာမှုကို ထိန်းညှိရန်နှင့် ပို့ကုန်/ခရီးသွားကဏ္ဍများအပေါ် ထိခိုက်မှုကို လျှော့ချရန်ဖြစ်သည်။

အွန်လိုင်းပလတ်ဖောင်းများမှတစ်ဆင့် ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် တစ်နေ့လျှင် ဘတ် ၅၀ သန်း သို့မဟုတ် သန်း ၁၀၀ ထက်မပိုစေရန် ကန့်သတ်ချက် (Cap) တစ်ခုကို ယခုအပတ်အတွင်း မိတ်ဆက်သွားမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ Vitai Ratanakorn က ပြောကြားခဲ့သည်။

နိုင်ငံတကာ မသေချာမှုများနှင့် ဒေါ်လာဈေး ကျဆင်းမှုကြောင့် ကမ္ဘာ့ရွှေဈေးသည် တနင်္လာနေ့တွင် တစ်အောင်စလျှင် ဒေါ်လာ ၅,၁၀၀ အထိ စံချိန်တင် မြင့်တက်သွားခဲ့သည်။ ၎င်းဖြစ်ရပ်က ဘတ်ငွေတန်ဖိုးကို ၁ ဒေါ်လာလျှင် ၃၁ ဘတ်အောက်သို့ ရောက်ရှိသွားစေရန် တွန်းအားပေးနေသည်။

ထိုင်းဘတ်ငွေသည် ၂၀၂၅ ခုနှစ်တွင် ၉% ခန့် တန်ဖိုးတက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အစပိုင်းတွင်လည်း ၁% ခန့် ထပ်မံတိုးတက်နေသည်။ ဤသို့ ငွေကြေးတန်ဖိုး အလွန်အမင်းတက်နေခြင်းသည် ထိုင်းနိုင်ငံ၏ အဓိကဝင်ငွေရလမ်းဖြစ်သော ပို့ကုန်နှင့် ခရီးသွားလာရေး ကဏ္ဍတို့အတွက် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းစေသဖြင့် အာဏာပိုင်များက ယခုကဲ့သို့ တင်းကျပ်သော စည်းမျဉ်းများ ချမှတ်လာခြင်း ဖြစ်သည်။

Source; Bangkok Post