နယ်စပ်ဒေသ၊ ထိုင်း-ကမ္ဘောဒီးယား — ထိုင်းတော်ဝင်လေတပ် (RTAF) သည် ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့အပြင်ဘက်ရှိ စစ်ရေးပစ်မှတ်များကို F-16 တိုက်လေယာဉ်များအသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဤလုပ်ရပ်သည် မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် အချိုးအစားညီစွာ တုံ့ပြန်ခြင်းဖြစ်ကြောင်း ထိုင်းဘက်က ဆိုသည်။

ကြာသပတေးနေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပွိုင်ပက်မြို့အနီးရှိ BM-21 ဒုံးကျည်များ သိုလှောင်ထားသည့် လက်နက်တိုက်နှင့် ထောက်ပံ့ရေးဗဟိုဌာနကို အဓိက ပစ်မှတ်ထားခဲ့သည်။ အဆိုပါနေရာမှ BM-21 ဒုံးကျည်များကို ထိုင်းနယ်စပ်ရှိ စစ်တပ်နှင့် အရပ်သားနယ်မြေများသို့ အကြိမ်ကြိမ် ပစ်ခတ်နေသည်ကို ထောက်လှမ်းရေးသတင်းများအရ အတည်ပြုနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လေတပ်ပြောခွင့်ရအရာရှိက ဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နက်တိုက်အတွင်းရှိ ဒုံးကျည်များ ပေါက်ကွဲသည့် ဗီဒီယိုမှတ်တမ်းများ ရရှိခဲ့ပြီး၊ အရပ်သားများ ထိခိုက်မှုမရှိစေရန် ဂရုစိုက်ဆောင်ရွက်ခဲ့ကြောင်း ထိုင်းဘက်က အခိုင်အမာ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဘက်က ရန်လိုသောလုပ်ရပ်များကို ရပ်တန့်ခြင်းမရှိသရွေ့ ဤကဲ့သို့ စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဝန်ကြီး Gen Nattaphon က ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ တိုက်ပွဲများအတွင်း ထိုင်းစစ်သား ၂၁ ဦး ကျဆုံးခဲ့ရပြီ ဖြစ်သည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ၏ လုပ်ရပ်ကို “စစ်ရာဇဝတ်မှု” နှင့် “ကျူးကျော်မှု” ဟု သတ်မှတ်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ထို့အပြင် ပွိုင်ပက်မြို့သည် စီးပွားရေးအချက်အချာနေရာဖြစ်ပြီး မည်သည့်စစ်အခြေစိုက်စခန်း သို့မဟုတ် လက်နက်တိုက်မှ မရှိကြောင်း ပွိုင်ပက်မြို့တော်စည်ပင်က ငြင်းဆိုခဲ့သည်။
တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန် အထူးကိုယ်စားလှယ် စေလွှတ်မည်ဆိုသော သတင်းများနှင့်ပတ်သက်၍ ဝန်ကြီးချုပ် Anutin က မိမိထံ တိုက်ရိုက်ဆက်သွယ်လာခြင်း မရှိသေးသော်လည်း၊ ကမ္ဘောဒီးယားအနေဖြင့် ထိုင်းနိုင်ငံကို ပစ်ခတ်နေခြင်းအား ဦးစွာရပ်တန့်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
Source: Bangkok Post
