နိုင်ငံခြားသားခရီးသွားတွေ ဆေးဖိုးမပေးဘဲ ပြန်သွားတာ ဒါမှမဟုတ် ပေးဆောင်နိုင်စွမ်းမရှိတာတွေကြောင့် ထိုင်းအစိုးရဆေးရုံတွေမှာ တစ်နှစ်ကို ဘတ် သန်း ၁၀၀ ကျော်ခန့် ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
ဖူးခက်ရှိ ဝသိရဆေးရုံ (Vachira Phuket Hospital) တစ်ခုတည်းတင် အာမခံမရှိတဲ့ နိုင်ငံခြားသားတွေကြောင့် တစ်နှစ်ကို ဆေးကုသစရိတ် ဘတ် ၁၀ သန်း ခန့် အရှုံးခံ ကုသပေးနေရပါတယ်။ခရီးသွားတွေဟာ ထိုင်းနိုင်ငံရဲ့ လမ်းအခြေအနေကို မကျွမ်းကျင်ဘဲ ဆိုင်ကယ်ငှားမောင်းတာ၊ အရက်သေစာသောက်စားပြီး မောင်းနှင်တာတွေကြောင့် ပြင်းထန်တဲ့ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်ပွားနေပါတယ်။
၂၀၂၅ ခုနှစ် အချက်အလက်များအရ အရေးပေါ်ကုသစရိတ်ဟာ ပျမ်းမျှအားဖြင့် တစ်ဦးကို ဘတ် ၆၀,၀၀၀ ခန့် ရှိနေပါတယ်။ ရုရှားခရီးသွားတစ်ဦးဆိုလျှင် ခရီးစဉ်အတွင်း ထိခိုက်မှုကြောင့် ဆေးဖိုး ဘတ် ၁ သန်းကျော် ကျသင့်ခဲ့ပေမဲ့ ပေးဆောင်နိုင်သူမရှိလို့ ဆေးရုံကပဲ အရှုံးခံခဲ့ရပါတယ်။ ခရီးသွားအာမခံဟာ ၂ ပတ်စာအတွက် ဘတ် ၁,၁၀၀ ခန့်သာ ကျသင့်ပြီး ဆေးကုသမှုအတွက် ဘတ် ၃.၆ သန်းမှ ၉ သန်းအထိ အကာအကွယ်ပေးနိုင်တာကြောင့် ဒါဟာ ခရီးသွားတွေအတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိစေမှာပါ။
ပြည်သူ့ကျန်းမာရေးဝန်ကြီး Pattana Promphat ကတော့ ဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ အသင့်ရှိနေပြီဖြစ်ပြီး၊ လေကြောင်းလိုင်း လက်မှတ်ဝယ်ယူစဉ်မှာပဲ အာမခံကြေးကို တစ်ခါတည်း ပူးတွဲကောက်ခံတာမျိုး သို့မဟုတ် ဗီဇာလျှောက်ထားစဉ် စစ်ဆေးတာမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။
Source; Bangkok Post
