ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့် လုပ်ငန်းခွင်များကို စစ်ဆေးမှုများ အရှိန်မြှင့် တင်းကျပ်

အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများ ရှိနေကြောင်း သတင်းများအရ အစိုးရသည် လုံခြုံရေးအေဂျင်စီများနှင့် နယ်စပ်ဒေသရှိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနများကို ပူးပေါင်းကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Aiyarin Phanrit က ပြောကြားခဲ့သည်။

တရားမဝင် ဝင်ရောက်လာသူများကို စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်းနှင့် တားဆီးခြင်းများကို အလေးထား လုပ်ဆောင်ရန်နှင့် မြေပြင်ရှိ လုပ်ငန်းခွင်များသို့ တိုက်ရိုက်ကွင်းဆင်းကာ တရားမဝင် အလုပ်ခန့်ထားမှု ရှိ၊ မရှိ တင်းကျပ်စွာ စစ်ဆေးရန်ဖြစ်ပြီး တရားမဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိပါက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်မည်ဖြစ်သည်။

အလုပ်သမားဥပဒေ ချိုးဖောက်သူများကို အောက်ပါအတိုင်း ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပါသည်။နိုင်ငံခြားသား လုပ်သားများအတွက် အလုပ်သမားလက်မှတ် (Work Permit) မရှိဘဲ လုပ်ကိုင်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် အလုပ်အမျိုးအစားထက် ကျော်လွန်လုပ်ကိုင်ခြင်းအား ဒဏ်ငွေ ၅,၀၀၀ ဘတ် မှ ၅၀,၀၀၀ ဘတ် အထိ ပေးဆောင်ရမှာဖြစ်ပြီး မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း (Deportation) နှင့် ပြစ်ဒဏ်ကျခံရသည့်နေ့မှစ၍ ၂ နှစ်အတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခွင့် ပိတ်ပင်ခြင်းများပြုလုပ်ခံရမည်။

အလုပ်ရှင်/လုပ်ငန်းခွင်များအတွက်အလုပ်သမားလက်မှတ် မရှိသူကို ခန့်ထားခြင်း သို့မဟုတ် ခွင့်ပြုထားသည့် အလုပ်အပြင် အခြားအလုပ်များကို ခိုင်းစေခြင်းဖြင့် ဒဏ်ငွေမှာ တရားမဝင် အလုပ်သမား တစ်ဦးလျှင် ၁၀,၀၀၀ ဘတ် မှ ၁၀၀,၀၀၀ ဘတ် အထိပေးဆောင်ရမှာဖြစ်ပြီး မှတ်ချက်အနေဖြင့် ထပ်မံကျူးလွန်ပါက ဒဏ်ငွေ ပိုမိုမြင့်မားလာမည့်အပြင် ထောင်ဒဏ်နှင့် နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့် ၃ နှစ် ပိတ်ပင်ခြင်းများ ရှိနိုင်ပါသည်။

Source: Nation Thailand