ထိုင်းအမျိုးသားတစ်ဦး ဆမွတ်ပရာကန်( Samut Prakan) တွင် ဘတ် ၈ သန်းတန်ဖိုးရှိ ရွှေများလုယူမှုဖြင့် ဖမ်းဆီးခံရ

ရဲတပ်ဖွဲ့က ဩဂုတ် (၁၉) ရက်တွင် ဘန်ကောက်မြို့အနီး ဆမွတ်ပရာကန်ပြည်နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ဘတ် (၈) သန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူခဲ့သော ထိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရွှေထည်ပစ္စည်းများအနက် ဘတ် ၄.၅ သန်းတန်ဖိုးရှိသည့် ပစ္စည်းများကိုသာ ပြန်လည်ရရှိခဲ့သည်။

ဩဂုတ် (၁၄) ရက်က ဆမွတ်ပရာကန်ရှိ Bang Bo ရပ်ကွက် ဈေးဝယ်စင်တာတစ်ခုတွင် အနက်ရောင်လွယ်အိတ်နှင့် ဆိုင်ကယ်ကယ်ရီမောင်းသူ ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ခဲ့သည်။ ၎င်းသည် ဆိုင်ဝန်ထမ်းများကို သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်းအများအပြားကို လုယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ပါသည်။

ဈေးဝယ်စင်တာလုံခြုံရေးအစောင့်က ဆိုင်ကယ်စီးဦးထုပ်ကို ဦးခေါင်းတွင်ဆောင်းထားပြီး သံသယဖြစ်ဖွယ် အမူအရာဖြင့် ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်လာသော ခိုးယူသူကို ရပ်တန့်ရန် ကြိုးစားခဲ့ကြောင်း Bang Bo ရဲစခန်းမှ အရာရှိများကို ပြောပြခဲ့ပါတယ်။ လုံခြုံရေးအစောင့်က ဦးထုပ်ချွတ်ရန်ပြောသော်လည်း ခိုးယူသူက လျစ်လျူရှုကာ ပစ်မှတ်ထားသည့် ဆိုင်သို့ လျှောက်သွားခဲ့သည်။

ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာမှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ရာ သံသယရှိသူသည် Bangna-Trat လမ်းတစ်လျှောက် ဆိုင်ကယ်စီးလာခဲ့ပြီး Thana City Country Club အနီးရှိ လမ်းကြားတစ်ခုထဲသို့ ချိုးဝင်သွားသည်ကို တွေ့ရှိခဲ့သည်။ ၎င်းသည် ဆိုင်ကယ်ကို ယင်းဧရိယာရှိ တူးမြောင်းတစ်ခုထဲသို့ မောင်းဝင်သွားပြီး အဝတ်အစားလဲကာ ၎င်း၏ညီဖြစ်သူ လှေဖြင့်လာရောက်ခေါ်ဆောင်သည့်အတွက် အိမ်သို့ပြန်လာခဲ့သည်။

အရာရှိများသည် သံသယရှိသူအား အသက် ၃၁ နှစ်အရွယ် Weerawat (ခေါ်) Arm အဖြစ် အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတွင် တူးမြောင်းနှင့်ကပ်လျက် ကားပြုပြင်ရေးဂိုဒေါင်တစ်ခုပိုင်ဆိုင်ကာ ၎င်း၏နေအိမ်အဖြစ်လည်း အသုံးပြုကြောင်း သိရှိခဲ့ရပါသည်။

ရဲတပ်ဖွဲ့က ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းပြီး မနေ့က ဖမ်းဆီးခဲ့သည်။ Weerawat သည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး ဂိုဒေါင်ဆောက်ရန်အတွက် ငွေတိုးချေးစားသူများထံမှ ငွေချေးယူခဲ့ပြီးနောက် တရားမဝင်ကြွေးမြီများစွာ တင်ရှိနေကြောင်း ဖွင့်ဟခဲ့သည်။ နေ့စဉ် အတိုးကြီးပေးဆောင်ရခြင်းကြောင့် ၎င်း၏ဘဏ္ဍာရေးအခက်အခဲများကို ရွှေဓားပြတိုက်မှုဖြင့် ဖြေရှင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် Weerawat သည် ကျန်ရှိနေသော ခိုးယူထားသည့် ရွှေများကို ဝှက်ထားသည့်နေရာသို့ ရဲတပ်ဖွဲ့ကို လမ်းပြခဲ့သည်။ ရွှေတန်ဖိုးမှာ ခန့်မှန်းခြေအားဖြင့် ဘတ် ၄.၅ သန်းရှိသည်။ ၎င်းသည် ရွှေများကို ပလတ်စတစ်အိတ်ထဲထည့်ကာ နေအိမ်အပြင်ဘက်ရှိ သစ်ပင်တစ်ပင်အနီးတွင် မြေမြှုပ်ထားခဲ့သည်။ နောက်ထပ်ရွှေများကို သံသယရှိသူ၏နေအိမ်ရှိ စပီကာတစ်ခုအတွင်းတွင် ဝှက်ထားသည်ကို တွေ့ရှိခဲ့သည်။

စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သံသယရှိသူ မည်သို့သော ပြစ်ဒဏ်များ ရင်ဆိုင်ရမည်ကို ရဲတပ်ဖွဲ့က ရှင်းလင်းပြောကြားခြင်း မရှိထားသေးပါ။

ယခင်အမှုများအရ ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၃၉) အရ Weerawat သည် ခိုးမှုကျူးလွန်ရန် သို့မဟုတ် ထွက်ပြေးလွတ်မြောက်ရန်အတွက် အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်မှုများကို အသုံးပြုခဲ့ခြင်းကြောင့် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိနှင့် ဘတ် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါသည်။

Source: Thaiger