စစ်တပ်က အခင်းဖြစ်ပွားရာနေရာကို ၅ ရက်အလိုကပင် မိုင်းရှင်းလင်းပြီးဖြစ်ကြောင်း ပြောသော်လည်း စနေနေ့နံနက်တွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ စီစခက်ခရိုင်၊ ကန်သာလာ့ခ်မြို့နယ်၌ ပုံမှန်ကင်းလှည့်နေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ထိုင်းစစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လအလယ်ကတည်းက အငြင်းပွားဖွယ်နယ်စပ်ဧရိယာများတွင် ကင်းလှည့်နေစဉ် မြေမြှုပ်မိုင်းများကြောင့် ထိုင်းစစ်သားများ ဒဏ်ရာရခဲ့သည့် စတုတ္ထအကြိမ်ဖြစ်သည်။ ယခင်ဖြစ်စဉ်များတွင် ကမ္ဘောဒီးယားက မကြာသေးမီကမှ မိုင်းများလာရောက်ချထားခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်က ပြောခဲ့ပါသည်။
ဒုတိယစစ်တပ်နယ်မြေစစ်ဆင်ရေးစင်တာအရ နောက်ဆုံးဖြစ်စဉ်သည် ဖူမာကွာ( Phu Makua) မှ (၁.၈) ကီလိုမီတာခန့်အကွာ ချောင်ဒွန်အို-ခရစ်ဆနာနယ်စပ်ဧရိယာ (The Chong Don Ao-Krissana border area)တွင် နံနက် (၁၀) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုင်းခြေလျင်တပ်က အစောပိုင်းက ရှင်းလင်းပြီးသော နေရာသည် ပုံမှန်ကင်းလှည့်လမ်းကြောင်းဖြစ်ပြီး ထိုင်းပိုင်နက်ထဲတွင်ရှိသည်ဟု စစ်တပ်ကဆိုသည်။
ခြေလျင်တပ်ခွဲ ၁၁၁ မှ ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့သည် ဆူးကြိုးကာရံရန် လုံခြုံရေးရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တပ်ကြပ်ကြီး ပထမတန်း ထနီ ပါဟ(Thani Paha) ဦးဆောင်ပြီး တပ်သားနှစ်ဦး လိုက်ပါလာသည့် ကင်းလှည့်အဖွဲ့သည် လမ်းကြောင်းကို စစ်ဆေးစဉ် မထင်မှတ်ဘဲ မြေမြှုပ်မိုင်းကို တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်သည် ကမ္ဘောဒီးယားတပ်ဖွဲ့များ ယခင်က သိမ်းပိုက်ထားခဲ့သော ဖူမာကွာဒေသ၏ လုံခြုံရေးကို စစ်အင်ဂျင်နီယာယူနစ်တစ်ခုက ရှင်းလင်းပြီး နောက် (၅) ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာယီဝန်ကြီးချုပ် ဖုန်ထမ် ဝေ့ချိုင်ချိုင်း(Phumtham Wechayachai) က တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ကာကွယ်ရန် လုံခြုံရေးအစီအမံများ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လမ်းကြောင်းဖန်တီးရန် ရှင်းလင်းနေသည့်ဧရိယာတွင် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
စစ်တပ်က အဆိုပါအဖွဲ့သည် ရုရှားလုပ် (PMN-2) လူသတ်မိုင်း (၁၈) လုံးကို တွေ့ရှိခဲ့သည်ဟုဆိုသည်။ ယင်းတို့အနက် (၁၆) လုံးကို အိတ်များထဲတွင်ထည့်၍ မတပ်ဆင်ရသေးဘဲ (၂) လုံးကို အလျင်စလိုချထားကာ ပေါက်ကွဲရန် အသင့်အနေအထားဖြင့် တွေ့ရှိခဲ့ပြီး အားလုံးကို ဖယ်ရှားခဲ့သည်။ လက်ပစ်ဗုံးပစ်လွှတ်စက်၊ ကျည်များနှင့် RPG ဒုံးကျည်များကိုလည်း အမြောက်အမြားတွေ့ရှိခဲ့သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၅ ခုနှစ်၊ ထိုင်းတပ်ဖွဲ့ဝင်များ မြေမြှုပ်မိုင်းနင်းမိမှုများ
စစ်တပ်၏အဆိုအရ ယခုနှစ်အတွင်း ထိုင်းတပ်ဖွဲ့ဝင်များ မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် လေးခုရှိခဲ့သည်-
- ဇူလိုင် ၁၆: ဥပွန်းရတ်ချသာနီ၊ ချောင်ဘုတ်(Chong Bok) ရှိ ဟေးလ် ၄၈၁ တွင် တပ်သား ထနဖတ် ဟုမ်ဝမ် (Thanaphat Huiwan) ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ပြီး အခြားစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
- ဇူလိုင် ၂၃: ဥပွန်းရတ်ချသာနီ၊ ချောင်အန်မာတွင် တပ်ကြပ်ကြီး ပထမတန်း ဖီချစ်ချိုင်း ဘွန်ချူလာ( Phichitchai Boonchula)ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့သည်။
- ဇူလိုင် ၂၈: စူရင်းရှိ တာခွဲဘုရားကျောင်းတွင် ဒုဗိုလ် ကိယတ်တိဝေါင်း ဆာတာဝွန်
- (Kiarttiwong Satawon)ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့သည်။
- ဩဂုတ် ၉: စီစခက်တွင် ချောင်ဒွန်အိုနှင့် ခရစ်ဆနာကြား၌ တပ်ကြပ်ကြီး ပထမတန်း ထနီ ပါဟာ (Thani Paha) ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ပြီး အခြားစစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။
Source: Bangkok Post