ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တရားမဝင် ဖြတ်ကျော်မှုများကို နှိမ်နင်းရန် ကင်းလှည့်နေသည့် ခလောင်လု (Khlong Luek) ရဲစခန်းမှ အရာရှိများသည် ယမန်နေ့ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် အာရန်ယပရာသက် (Aranyaprathet)ခရိုင်၊ Pa Rai ရပ်ကွက်ရှိ လမ်းမပေါ်တွင် သံသယဖြစ်ဖွယ် ရပ်နားထားသော စာကဲအိုလိုင်စင်နံပါတ်ပါ အဖြူရောင် Isuzu ကုန်တင်ကားတစ်စီးကို စစ်ဆေးခဲ့ရာမှ ဤဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ကားကို စစ်ဆေးခဲ့ရာတွင် တရားမဝင် အလုပ်သမားများကို အပြင်လူများ မမြင်နိုင်စေရန်အတွက် ဖော့ပြားများ (Foam panels) နှင့် ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသော ပစ္စည်းများကို အကာအကွယ်ပြု၍ စနစ်တကျ ဖုံးကွယ်သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးမှုများအရ တရားဝင် ခရီးသွားလာခွင့် သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး အထောက်အထား တစ်စုံတစ်ရာ မရှိသည့် ကမ္ဘောဒီးယားနိုင်ငံသား ၃၇ ဦး (အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂၀ ဦး) နှင့် အခြားလိုက်ပါလာသူ ၅ ဦးကို တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
စာကဲအို (Sa Kaeo) ခရိုင် ရဲတပ်ဖွဲ့ ဒုတိယတပ်မှူးက ထွက်ပြေးလွတ်မြောက်နေသည့် ကားဒရိုင်ဘာနှင့် ဆက်စပ်သူများကို အမြန်ဆုံး ဖမ်းဆီးနိုင်ရန် အမိန့်ပေးထားပြီး ပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။ ထို့အပြင် နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်စေရန်အတွက် ခရိုင်ရဲတပ်ဖွဲ့၊ ခလောင်လုရဲစခန်းနှင့် အမှတ် (၁၂) ခြေလျင်တပ်ရင်း (Army Ranger Regiment) တို့ ပူးပေါင်းကာ စစ်ဆေးမှုများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source: Khaosod
