ထိုင်းနှင့်ကမ္ဘောဒီးယားအစိုးရအဖွဲ့များသည် နယ်နမိတ်တလျှောက် တင်းမာမှုများကို ကျဆင်းစေရန် ရည်ရွယ်သည့် အရေးကြီး လုံခြုံရေးညှိနှိုင်းအစည်းအဝေးများကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့(Kuala Lumpur)စတင်ခဲ့ကြသည်။ (၄) ရက်မှ (၆) ရက်အထိ ဆွေးနွေးသည့် အစည်းအဝေးတွင် အဓိကအကြောင်းအရာ (၆) ချက်ပါဝင်ပြီး၊ အစည်းအဝေးပြီးသည့်နောက် ဝန်ကြီးအဆင့် သဘောတူညီမှုအစည်းအဝေးတစ်ခုကို သြဂုတ် (၇) ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဓိက အကြောင်းအရာ (၆) ချက်တွင် အရေးကြီးဆုံးမှာ ဇူလိုင် ၂၈ ရက်က ထိန်းသိမ်းခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှုဖြစ်သည်။ ထိုသဘောတူညီချက်အတိုင်း တပ်ဖွဲ့များ အနည်းဆုံးအကွာအဝေးသို့ ဆုတ်ခွာရေး၊ နယ်နမိတ်အတွင်း safe zones သတ်မှတ်ရေး၊ တိုက်ခိုက်မှုများ တဖြည်းဖြည်းလျော့နည်းစေရန် စစ်ရေးညှိနှိုင်းမှုများ တည်ဆောက်ရေးစသည်ဖြင့် အရေးကြီးလုပ်ငန်းစဉ်များပါဝင်သည်။
ပစ်ခတ်မှုရပ်စဲမှုမတိုင်မီက ဖြစ်ပွားခဲ့သော စစ်ရေးနှင့် အရပ်သားထိခိုက်မှုများကိုလည်း သေချာစွာ စိစစ်ဖော်ထုတ်ရန် ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက် အရေးကြီးသည်ဟု ဆိုရပါသည်။
နယ်နမိတ်ဒေသအတွင်း ဖြစ်နိုင်သော အရေးပေါ်အခြေအနေများအတွက် တိုက်ရိုက်ဆက်သွယ်နိုင်သော ဒေသတွင်းညှိနှိုင်းမူစနစ် တည်ဆောက်ရေးသည်လည်း အဓိကဆွေးနွေးချက်တစ်ခုတွင်ပါဝင်ခဲ့သည်။ ထိုင်းဘက်မှ ဥဘုန်ရာချာသနီ (Ubon Ratchathani) ခရိုင်ရှိ ချောင်အမ်မား (Chong An Ma) နယ်မြေသည် ဥပမာအဖြစ်ဖော်ပြခဲ့သည်။

ထိုင်းအစိုးရသည် ထိုင်း–ကမ္ဘောဒီးယားနယ်နမိတ်တလျှောက်တွင် သတင်းအချက်အလက်ဖလှယ်ရေးစနစ် တစ်ခုတည်ဆောက်ရန် အဓိကတောင်းဆိုထားပြီး၊ ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများသည် တိုက်ခိုက်မှုဖြစ်ပွားမှုများကို ကြိုတင်ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အခြားဆွေးနွေးချက်များအနက် စီးပွားရေးနှင့် လူမှုရေး ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ထူထောင်ရေး၊ မဖွင့်ရသေးသော နယ်နမိတ်များအား ယာယီဖွင့်လှစ်ရန် စဉ်းစားမှုများပါဝင်သည်။
လာမည့် ဩဂုတ် ၇ ရက်နေ့တွင် ကျင်းပမည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ထိုင်းဘက်မှ ကာကွယ်ရေးဝန်ကြီး ဂျင်နာရယ်နတ်ထာဖွန် နတ်ပနစ် (General Natthapon Nakpanich) တက်ရောက်မည် ဖြစ်ပြီး ကမ္ဘောဒီးယားဘက်မှ နိုင်ငံအတွင်းရေး ဒုဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဂျင်နာရယ်တီယာစဲဟာ (General Tea Seiha) တက်ရောက်မည် ဖြစ်သည်။
အမေရိကန်၊ တရုတ်နှင့် မလေးရှားတို့က လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ပြီး၊ ထိုနိုင်ငံတို့၏တက်ရောက်မှုသည် နှစ်နိုင်ငံအကြားအရေးကြီးဆုံး ညှိနှိုင်းမှုအချက်များအတွက် နိုင်ငံတကာဖိအားတစ်ခုအဖြစ် သက်ရောက်နိုင်သည်။
နယ်နမိတ်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဖော်ပြခြင်းအတွက် ထိုင်းနှင့်ကမ္ဘောဒီးယားတို့၏ ကာကွယ်ရေးဝန်ကြီးများ မျှတစွာ ဦးစီးသော General Border Committee (GBC) သည် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်နမိတ်ငြိမ်ဝပ်မှု ပြုပြင်ဖို့ တာဝန်ရှိသည့် တာဝန်ရှိအဖွဲ့ဖြစ်သည်။ဤနှစ်ပတ်လည် အစည်းအဝေးများကို များသောအားဖြင့် တစ်လှည့်စီ ကျင်းပလေ့ရှိပါသည်။
လက်ရှိအခြေအနေသည် ဤစနစ်၏ထိရောက်မှုအတွက် စမ်းသပ်မှုတစ်ခုဖြစ်နေပြီး၊ မကြာမီမှာ ဖြစ်လာမည့် ညှိနှိုင်းအဖြေများသည် ဒေသအတွင်းငြိမ်ဝပ်ရေးနှင့် နိုင်ငံရေးဆက်ဆံရေးများကို ရှည်လျားစွာသက်ရောက်စေနိုင်မည်ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။
Source: The Nation Thailand