ထိုင်း E-sports အားကစားမယ်တစ်ဦး SEA Games မှ ထုတ်ပယ်ခံရ၊ အဖွဲ့လိုက်ပါ နုတ်ထွက်

ဘန်ကောက်၊ ထိုင်း — ထိုင်းအမျိုးသမီး အီလက်ထရောနစ် အားကစားသမားတစ်ဦးသည် AoV (Arena of Valor) ပြိုင်ပွဲတွင် ခွင့်ပြုချက်မရှိသော Third-party ဆော့ဖ်ဝဲလ်ကို အသုံးပြုခဲ့ခြင်းကြောင့် ဘန်ကောက်မြို့၌ ကျင်းပနေသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) မှ ထုတ်ပယ်ခံခဲ့ရသည်။

ထိုင်း E-sports အဖွဲ့ချုပ် (TESF) က အသက် ၂၄ နှစ်အရွယ် Naphat Warasin (ဂိမ်းအမည် – “Tokyogurl”) အား အင်္ဂါနေ့တွင် ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။ သူမသည် တနင်္လာနေ့က ကစားနေစဉ်အတွင်း E-sports နည်းပညာလက်စွဲ စည်းကမ်းချက် ၉.၄.၃ (ခွင့်ပြုချက်မရှိဘဲ ဆော့ဖ်ဝဲလ်အသုံးပြုခြင်း) ကို ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။

Photo Courtesy of Khaosod

Naphat ၏ ကိုယ်စားလှယ် TALON TH က သူမနှင့် ချက်ချင်း ဆက်ဆံရေးဖြတ်တောက်ခဲ့သည်။ပြိုင်ပွဲစီစဉ်သူ Garena RoV Thailand ကလည်း ဤဆုံးဖြတ်ချက်ကို ထောက်ခံပြီး နောင်ကျင်းပမည့် ၎င်းတို့၏ ပြိုင်ပွဲများအားလုံးမှ Naphat ကို ပိတ်ပင်လိုက်သည်။

TESF နှင့် အာရှ E-sports အဖွဲ့ချုပ် ဥက္ကဋ္ဌ Santi Lohthong က အားကစား၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ထိုင်းအမျိုးသမီး AoV အသင်းတစ်ဖွဲ့လုံးကိုပါ ပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

အသင်း၏ကိုယ်စား တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး “တရားမျှတစွာ ကစားခြင်း (fair play)” ၏ အရေးပါပုံကို အလေးထားကာ နည်းပညာနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို မြှင့်တင်ရန် ဤဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။

Photo Courtesy of Khaosod

AoV သည် ထိုင်းနိုင်ငံတွင် ROV (Realm of Valor) ဟု လူသိများသော ကစားသူအများအပြား ပါဝင်သည့် အွန်လိုင်းတိုက်ခိုက်ရေးဂိမ်း (MOBA) အမျိုးအစားဖြစ်ပြီး ၅-ယောက် နှင့် ၅-ယောက် အသင်းဖွဲ့ကာ ကစားရခြင်းဖြစ်သည်။

Source: Bangkok Post