ဒီဇယ်များကို ရေဖြင့်လဲလှယ်ခိုးယူခဲ့သည့် ယာဉ်မောင်းများကို ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးနေ

ယနေ့ (ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်) နံနက်ပိုင်းတွင် ချွန်ဘူရီခရိုင်၊ စတာဟစ် (Sattahip) ရှိ ဂျွတ်စမတ် (Juk Samet) ဆိပ်ကမ်း၌ ပင်လယ်ပြင် ရေနံတူးစင်သို့ ပို့ဆောင်မည့် ဒီဇယ်ဆီများအစား ရေများသာ ပါရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဆီတင်ယာဉ် ၅ စီးအနက် ၃ စီးတွင် ပါရှိသော B-0 ဒီဇယ် များအားလုံးကို ဖောက်ထုတ်ခိုးယူပြီး ရေဖြင့် အစားထိုးလဲလှယ်ထားခြင်း ဖြစ်သည်။ ဆီတင်ယာဉ်တစ်စီးလျှင် ဆီလီတာ ၄၂,၀၀၀ စီ ပါရှိပြီး စုစုပေါင်း လီတာ ၁၂၆,၀၀၀ ခိုးယူခံခဲ့ရသည်။ ကာလပေါက်ဈေးအရ ဘတ် ၃,၆၅၄,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။

ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ရေနံတူးစင်သို့ ပို့ဆောင်မည့် သင်္ဘောပေါ်သို့ ဆီများမလွှဲပြောင်းမီ သင်္ဘောသားများက ပုံမှန်အရည်အသွေး စစ်ဆေးမှု (Quality Check) ပြုလုပ်ရာမှ ဆီများအစား ရေများဖြစ်နေသည်ကို စတင်သိရှိခဲ့ခြင်း ဖြစ်သည်။

Photo Courtesy of Bangkok Post

အဆိုပါ မသမာမှု ပေါ်ပေါက်သွားချိန်တွင် ဆီတင်ယာဉ်မောင်း ၃ ဦးလုံးသည် အာဏာပိုင်များ မရောက်ရှိမီ အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိတွင် ၎င်းတို့ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသေးပါ။

စတာဟစ်ရဲစခန်းမှ ရဲမှူးကြီး Komsan Kamtunkew က စုံစမ်းစစ်ဆေးရေးမှူးများကို အောက်ပါအတိုင်း ညွှန်ကြားထားသည် –

ယာဉ်များပေါ်ရှိ GPS အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန်: ရယောင် (Rayong) ခရိုင်၊ မာတဖု (Map Ta Phut) ရှိ ဆီသိုလှောင်ရုံမှ ထွက်ခွာလာပြီးနောက် ဆိပ်ကမ်းသို့ မရောက်မီ မည်သည့်နေရာတွင် ရပ်နားခဲ့သနည်း၊ မည်သည့်နေရာတွင် ဆီများကို ရေနှင့် လဲလှယ်ခဲ့သနည်းဆိုသည်ကို ရှာဖွေမည်ဖြစ်သည်။

ထွက်ပြေးသွားသော ယာဉ်မောင်း ၃ ဦးကို ဖမ်းဆီးနိုင်ရန် ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်။

Source: Bangkok Post