နခွန်ရတ်ချာစီမာတွင် ဆောက်လုပ်ရေးကရိန်း ပြိုကျပြီး ရထားလမ်းချော်မှုကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံး

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် မနက် ၉ နာရီ ၅ မိနစ်ခန့်တွင် နခွန်ရတ်ချာစီမာခရိုင်၊ စီခယူး (Sikhio) နယ်မြေ၊ Ban Thanon Khot ရွာအနီးတွင် ကြောက်မက်ဖွယ် ရထားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အမြန်ရထားလမ်း ကူးတံတားတည်ဆောက်ရာတွင် အသုံးပြုနေသည့် ကရိန်းကြီးတစ်ခုသည် ရထားလမ်းပေါ်သို့ ရုတ်တရက် ပြိုကျခဲ့သည်။ဘန်ကောက်မှ အုဘွန်ရတ်ချာဌာနီ (Ubon Ratchathani) သို့ ဦးတည်မောင်းနှင်လာသော ခရီးသည်တင်ရထားသည် လမ်းပေါ်တွင် ပြိုကျနေသည့် ကရိန်းကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိခဲ့သည်။တိုက်မိမှုကြောင့် ရထားတွဲများ လမ်းချော်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အများအပြား ရထားတွဲပျက်များအတွင်း ပိတ်မိခဲ့ကြသည်။

Photo Courtesy of Bangkok Post

ထိခိုက်သေဆုံးမှု အာဏာပိုင်များ၏ အတည်ပြုချက်အရ –

  • သေဆုံးသူ: အနည်းဆုံး ၁၀ ဦး (အခင်းဖြစ်ရာနေရာတွင် ရုပ်အလောင်းအချို့ကို ရှာဖွေတွေ့ရှိထားပြီး အချို့မှာ ဆေးရုံရောက်မှ သေဆုံးခဲ့ခြင်းဖြစ်သည်)။
  • ဒဏ်ရာရသူ: ၄၀ ကျော် (အချို့မှာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ဖွယ်ရှိသည်)။

ကယ်ဆယ်ရေးအဖွဲ့များစွာသည် အခင်းဖြစ်ရာသို့ ချက်ချင်းရောက်ရှိလာပြီး ဖြတ်စက်၊ ညှပ်စက်များအသုံးပြုကာ ရထားတွဲအတွင်း ပိတ်မိနေသူများကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည်။ ဒဏ်ရာရရှိသူများကို Sikhio ဆေးရုံ၊ Sung Noen ဆေးရုံနှင့် Maharaj Nakhon Ratchasima ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ထားပါသည်။

ကနဦးစုံစမ်းချက်အရ ကရိန်းသည် ရထားမလာမီ စက္ကန့်ပိုင်းအလိုတွင် လမ်းပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာပိုင်များအနေဖြင့် ကရိန်း အဘယ်ကြောင့် ပြိုကျခဲ့ရသည်ဆိုသည့် အကြောင်းရင်းကို သိရှိနိုင်ရန် ဆောက်လုပ်ရေးကုမ္ပဏီနှင့် တာဝန်ရှိသူများကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။

Source: Khaosod