နရာထီဝပ်(Narathiwat) ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ကားဗုံးပေါက်ကွဲမှုကြောင့် (၁) ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်းဒေသသို့ အကြမ်းဖက်မှုများ ပြန်လည်ရောက်ရှိလာပြီး ဩဂုတ် (၂၀) ရက်နေ့ ညပိုင်းက နရာထီဝပ်ခရိုင်၊ တာ့ခ်ဘိုင်မြို့နယ်ရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်တစ်ခုတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပြီး ခေတ္တမျှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ည (၈) နာရီ (၁၅) မိနစ်ခန့်က ဆာလာမိုင်မြို့နယ်ခွဲရှိ လုံခြုံရေးဂိတ်တစ်ခုတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲဝင်များ လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ အစီရင်ခံစာများအရ လမ်းဘေးရှိ သဲအိတ်များ စုပုံထားသည့်နေရာကို အနက်ရောင် တိုယိုတာ Yaris ကားတစ်စီး ဝင်တိုက်ပြီးနောက် မကြာမီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းပေါက်ကွဲမှုသည် ကားအတွင်း ဖွက်ထားသည့် လက်လုပ်ဗုံးတစ်ခုမှ ဖြစ်သည်ဟု ယူဆရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ထို Yaris ကားတွင် ထောက်လှမ်းမှုမှ ရှောင်ရှားနိုင်ရန်အတွက် နံပါတ်ပြား အတုတပ်ဆင်ထားကြောင်း သိရသည်။

ကားတိုက်မှု ဖြစ်ပွားပြီး မကြာမီ သံသယရှိသူ နှစ်ဦးသည် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည်။ ထိုသံသယရှိသူများမှာ မှောင်ရိပ်ထဲသို့ ပျောက်ကွယ်သွားချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ပေါက်ကွဲမှု၏ ပြင်းအားကြောင့် နားထိုင်းသွားခြင်းအပါအဝင် မပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းကို အနီးရှိ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီးနောက် ကျန်းမာရေးအခြေအနေ တည်ငြိမ်ကြောင်း သိရပါသည်။

ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်တွင် အပျက်အစီးများ ပြန့်ကျဲခဲ့ပြီး ရဲအရာရှိများက မှုခင်းဆေးဘက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်နိုင်ရန် နေရာအား ပိတ်ဆို့ထားခဲ့သည်။ ဒုတိယမြောက် ဗုံးများ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဗုံးရှင်းလင်းရေးအဖွဲ့များကိုလည်း တပ်ဖြန့်ချထားခဲ့သည်။

မည်သည့်အဖွဲ့ကမှ တိုက်ခိုက်မှုအား တာဝန်ယူကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဒေသခံအရာရှိများက ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသများရှိ လက်ရှိ သူပုန်လှုပ်ရှားမှုများနှင့် ဆက်စပ်နေနိုင်သည်ဟု ယုံကြည်ကြသည်။ မော်တော်ဆိုင်ကယ်ဖြင့် လှည့်ကင်းများ ထောက်လှမ်းခြင်းနှင့် ကားဗုံးများ အသုံးပြုခြင်းစသည့် အလားတူ နည်းဗျူဟာများကို ယခင်ကလည်း ထိုဒေသတွင် အသုံးပြုခဲ့ကြသည်။

နောက်ထပ် တိုက်ခိုက်မှုများအား ဟန့်တားနိုင်ရန်အတွက် တာ့ခ်ဘိုင်နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်များတွင် လုံခြုံရေးတင်းကျပ်ထားပြီး နောက်ထပ် စစ်ဆေးရေးဂိတ်များနှင့် ကင်းလှည့်မှုများကိုလည်း တိုးမြှင့်ထားကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာက ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် သံသယရှိသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် လက်ရှိ ဆောင်ရွက်နေသည့် စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခြင်းနှင့် သက်သေများကို မေးမြန်းခြင်းတို့ ပြုလုပ်နေသည်။

ရဲအရာရှိများက ပြဿနာများရှိနေသည့် ထိုဒေသသို့ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိစေရန် ကြိုးပမ်းနေသည့်အတွက် ဒေသခံများအား အမြဲ သတိရှိနေရန်နှင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုမှန်သမျှကို အကြောင်းကြားရန် တိုက်တွန်းထားကြောင်းသိရပါသည်။

Source: Thaiger