နာမည်ကျော်မင်းသားနှင့် လွတ်လပ်သောရုပ်ရှင်လောက၏ ဖခင်ကြီး Robert Redford ကွယ်လွန်

ဟောလိဝုဒ်၏ အထင်ကရမင်းသားတစ်ဦးဖြစ်ပြီး လွတ်လပ်သောရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကို အားပေးထောက်ခံသူ Robert Redford သည် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ ပြည်သူ့ဆက်ဆံရေးအဖွဲ့က အတည်ပြုခဲ့သည်။ Redford သည် ယူတားပြည်နယ်ရှိ သူ၏ Sundance နေအိမ်တွင် ချစ်ခင်သူများဝန်းရံလျက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်က “ကယ်လီဖိုးနီးယားမှ ဆံပင်ရွှေရောင်လူငယ်လေး” အဖြစ် သတ်မှတ်ခံခဲ့ရဖူးသော Redford ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်သွင်ပြင်နှင့် သရုပ်ဆောင်စွမ်းရည်များကြောင့် ရုပ်ရှင်လောကတွင် နှစ်ပေါင်း ၅၀ ခန့် ထိပ်တန်းမင်းသားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူသည် “Out of Africa” ကဲ့သို့သော အချစ်ဇာတ်ကားများ၊ “All the President’s Men” ကဲ့သို့သော နိုင်ငံရေးဇာတ်ကားများနှင့် “Butch Cassidy and the Sundance Kid” ကဲ့သို့သော အထင်ကရရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Redford ၏ အကြီးမားဆုံး အမွေအနှစ်မှာ ရုပ်ရှင်လောကတွင် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ကို မြှင့်တင်ပေးခဲ့ခြင်းပင်ဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင် သူရရှိခဲ့သော ဒေါ်လာသန်းပေါင်းများစွာကို အသုံးပြုပြီး Sundance Institute နှင့် Sundance Festival ကို တည်ထောင်ခဲ့သည်။ ထိုအချိန်က လွတ်လပ်သောရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းမှာ ခေတ်မစားသေးသော်လည်း Sundance Festival သည် ကမ္ဘာပေါ်တွင် ဩဇာအရှိဆုံး လွတ်လပ်သောရုပ်ရှင်ပြပွဲများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

သရုပ်ဆောင်အော်စကာဆု မရခဲ့သော်လည်း ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးသည့် “Ordinary People” (၁၉၈၀) ဇာတ်ကားသည် အကောင်းဆုံးရုပ်ရှင်နှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ဆွတ်ခူးခဲ့သည်။ (၂၀၀၁) ခုနှစ်တွင်မူ တစ်သက်တာအောင်မြင်မှုအတွက် ဂုဏ်ထူးဆောင်အော်စကာဆုကို ရရှိခဲ့သည်။

Redford သည် မူလက ပန်းချီဆရာတစ်ဦးဖြစ်ရန် အိပ်မက်ခဲ့သည်။ ကောလိပ်ဘေ့စ်ဘောပညာသင်ဆုကို လက်လွတ်ခဲ့ပြီးနောက် အီတလီနှင့် နယူးယောက်တွင် ပန်းချီပညာကို သင်ယူခဲ့သည်။ သရုပ်ဆောင်လုပ်ငန်းကို မထင်မှတ်ဘဲ ဝင်ရောက်လာခဲ့ပြီး (၁၉၅၉) ခုနှစ်တွင် ဘရော့ဒ်ဝေးတွင် ပွဲဦးထွက်ခဲ့သည်။ သူသည် Jane Fonda နှင့် တွဲဖက်ရိုက်ကူးခဲ့သော “Barefoot in the Park” (၁၉၆၇) ဖြင့် ပထမဆုံးအာရုံစိုက်ခံခဲ့ရပြီးနောက် ရုပ်ရှင်လောကတွင် အရှိန်အဟုန်ဖြင့် အောင်မြင်လာခဲ့သည်။

သူသည် သူ၏ဘဝနောက်ဆုံးအချိန်အထိ ရုပ်ရှင်လုပ်ငန်းတွင် ဆက်လက်လှုပ်ရှားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် “Our Souls at Night” ဇာတ်ကားအတွက် Jane Fonda နှင့် ပြန်လည်တွဲဖက်သရုပ်ဆောင်ခဲ့သည်။ Redford က ထိုအချိန်တွင် ဒါရိုက်တာလုပ်ငန်းနှင့် သူအချစ်ဆုံးဖြစ်သော ပန်းချီပညာကို ပိုမိုအာရုံစိုက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

Source: The Nation Thailand