နွန်သဘူရီခရိုင်၊ ဘန်ဘွားထောင် (Bang Bua Thong) နယ်မြေရှိ နေအိမ်တစ်လုံးတွင် မြန်မာအမျိုးသမီးတစ်ဦးက လိုင်စင်မရှိဘဲ ဆံသသင်တန်းကျောင်း ဖွင့်လှစ်ကာ မြန်မာနိုင်ငံသားအချင်းချင်း သင်ကြားပေးနေကြောင်း သတင်းရရှိသဖြင့် အာဏာပိုင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။
လဝက အရာရှိများ၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် Bua Thong အိမ်ရာဝင်းအတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာ အသက် ၃၆ နှစ်အရွယ် နန်းသုသုကျော်ဦး (Nan Thu Thu Kwaw Oo) အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့သည်။
သူမသည် အခြားမြန်မာအမျိုးသမီး ၄ ဦးအား ဆံပင်ညှပ်နည်းနှင့် ဆံပင်ဖြောင့်နည်းများကို လက်တွေ့သင်ကြားပေးနေပြီး၊ နောက်ထပ် အမျိုးသမီးတစ်ဦးမှာ ဆံပင်အလှပြင် ဝန်ဆောင်မှု ခံယူနေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ ဆံသလုပ်ငန်း (Hairdressing) သည် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော အလုပ်အကိုင် (Protected Occupation) ဖြစ်ပြီး၊ နိုင်ငံခြားသားများအနေဖြင့် လုပ်ကိုင်ခွင့် သို့မဟုတ် သင်ကြားခွင့် လုံးဝမရှိပေ။
နန်းသုသုကျော်ဦး၏ ထွက်ဆိုချက်မှာ သူမသည် အလုပ်လက်မဲ့ဖြစ်နေသဖြင့် အသိုက်အဝန်းအတွင်းရှိ စိတ်ဝင်စားသော မြန်မာအမျိုးသမီးများကို အခမဲ့ (Free) သင်ကြားပေးနေခြင်းသာ ဖြစ်ကြောင်း၊ ဆိုင်ဖွင့်ခြင်း သို့မဟုတ် သင်တန်းကျောင်း ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
သို့သော်လည်း အာဏာပိုင်များ၏ စုံစမ်းချက်များအရ သူမသည် ဆံသဆရာမအဖြစ် လုပ်ကိုင်လာသည်မှာ ၃ လမှ ၄ လခန့် ရှိပြီဖြစ်ပြီး တစ်လလျှင် ဘတ် ၈,၀၀၀ ဝန်းကျင် ဝင်ငွေရရှိနေကြောင်း သိရသည်
သင်တန်းတက်ရောက်နေသူများနှင့် ဝန်ဆောင်မှုယူနေသူများကိုမူ ပြစ်မှုမရှိသဖြင့် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။ နန်းသုသုကျော်ဦးကိုမူ ဥပဒေအရ အရေးယူနိုင်ရန် ဘန်ဘွားထောင် (Bang Bua Thong) ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
Source: Thaiger
