ယာယီဝန်ကြီးချုပ် ဖုန်ထမ် ဝေချာချိုင်း( Phumtham Wechayachai) က ပိုကာလောင်းကစားကို တရားဝင်ဖြစ်စေရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံတွင် ပိုကာအား အပြည်ပြည်ဆိုင်ရာ အားကစားတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရနိုင်စေရန် လမ်းဖွင့်ပေးခဲ့ပြီး အနာဂတ်ပြိုင်ပွဲများကို လက်ခံကျင်းပနိုင်ဖွယ်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် သတင်းမီဒီယာများထံတွင် ထုတ်ဖော်ပြောကြားခဲ့သည့်အရ၊ ဖုန်သမ်သည် ပိုကာကစားခြင်းအား အထူးစည်းမျဉ်းများအောက်တွင် တရားဝင်ခွင့်ပြုသည့် ဝန်ကြီးဌာနအမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အတည်ပြုခဲ့သည်။
“ဒါက ဥပဒေအရ စေ့စေ့စပ်စပ် စဉ်းစားဖို့လိုတဲ့ ထိလွယ်ရှလွယ် ကိစ္စတစ်ခုပါ။ ပိုကာကို ယှဉ်ပြိုင်မှုရှိတဲ့ အားကစားတစ်ခုအဖြစ် ရှုမြင်ပေမယ့် သင့်လျော်မှုရှိစေဖို့ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ရပါမယ်” ဟု ပြောကြားခဲ့ပါသည်။
ဖုန်ထမ်က လက်မှတ်ရေးထိုးခဲ့သော ဝန်ကြီးဌာနအမိန့်မှတ်ပုံတင်အမှတ် ၂၂၅၃/၂၅၆၈သည်၊ ၁၉၅၈ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဝန်ကြီးဌာနအမိန့် ၄၉၀/၂၅၀၁ ကို တရားဝင်ဖျက်သိမ်းခြင်းဖြစ်သည်။ ထိုအမိန့်သည် လောင်းကစားဥပဒေ ၁၉၃၅ အောက်ရှိ အချုပ်အခြာအာဏာများဖြင့် ပိုကာကစားခြင်းကို တားမြစ်ထားခဲ့သည်။
ဖုန်ထမ်က တားမြစ်ချက်ကို ရုပ်သိမ်းခဲ့သော်လည်း “လုံးလုံးလျားလျား” ခွင့်ပြုထားခြင်းမဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ ဥပဒေအရ ခွင့်ပြုခြင်းသည် ကိစ္စတစ်ခုချင်းစီအလိုက်သာ အကျုံးဝင်သည်ဟု သိရှိပါသည်။

“တရားဝင်ခွင့်ပြုတာနဲ့အတူ စည်းမျဉ်းကောင်းကောင်းထည့်သွင်းဖို့လိုပါတယ်။ ကြီးကြပ်မှုက အဓိကဖြစ်လာပါလိမ့်မယ်။” ဟုပြောကြားခဲ့ပြီး လက်ရှိလောင်းကစားဥပဒေများကို ပြုပြင်ပြောင်းလဲရန်အတွက် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသည်။
မီဒီယာမှ မေးမြန်းမှုတွင် “လောင်းကစားလေ့လာမှုများများလာမှာ မစိုးရိမ်ဘူးလား” ဟု မေးခဲ့ရာတွင် ဖုန်ထမ်က “တရားဝင်ဖြစ်အောင်လုပ်ပါ” ဟု တုံ့ပြန်ခဲ့သည်။
ယာယီဝန်ကြီးချုပ် ဖုန်ထမ်မှ ဆက်လက်ပြောကြားသည်မှာ ကမ္ဘာလုံးဆိုင်ရာ အားကစားအဖွဲ့အစည်းများစွာက ပိုကာကို တရားဝင်အားကစားတစ်ခုအဖြစ် အသိအမှတ်ပြုပြီးဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာပွဲများကို လက်ခံကျင်းပလိုပါက လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။
အမိန့်အသစ်သည် အသက်ဝင်နေပြီဖြစ်သော်လည်း နောက်ထပ် ဥပဒေရေးရာလုပ်ငန်းများ ဆက်လက်လိုအပ်နေသေးကြောင်း ဖုန်ထမ်က အလေးထားပြောကြားခဲ့ပါသည်။
“ယနေ့ခေတ်အခြေအနေများနှင့် ကိုက်ညီအောင်ပြုလုပ်မည့်အပြင်၊ အလွဲသုံးစားလုပ်မှုများကို တားဆီးနိုင်ရေးအတွက် စနစ်တစ်ခုလုံးကို ပြန်လည်သုံးသပ်သွားမည်”ဖြစ်သည်ဟု ထပ်မံပြောကြားခဲ့ပါသည်။
ဝေဖန်သူများက ဤပြောင်းလဲမှုသည် လောင်းကစားကို လွန်စွာကန့်သတ်ထားသည့် နိုင်ငံတွင် ပိုမိုကျယ်ပြန့်သော လောင်းကစားလှုပ်ရှားမှုများအတွက် တံခါးဖွင့်ပေးနိုင်သည်ဟု စိုးရိမ်ကြသည်။ သို့သော် ထောက်ခံသူများကမူ “အကာအကွယ်များဖြင့် တရားဝင်ဖြစ်စေခြင်းသည် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုရှိသော ပိုကာလောကတွင် ထိုင်းနိုင်ငံ၏ အနေအထားကို မြှင့်တင်ပေးနိုင်ကြောင်း” ငြင်းခုံလျက်ရှိပါသည်။
Source: The Thaiger