စပိန်နယ်နမိတ်အနီးရှိ မက်ဒီတာရေးနီးယန်းပင်လယ်တွင် ဖြစ်ပွားနေသော မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ ဒဏ်ရာရသူများစွာရှိနေကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြသည်။ ဤမီးလောင်မှုသည် ပြင်သစ်တွင် ယင်းနှစ်အတွင်းဖြစ်ပွားခဲ့သည့်အကြီးဆုံး မီးလောင်မှု ဖြစ်လာပြီး၊ Paris မြို့၏အကျယ်ဝန်းထပ် ပိုကျယ်ပြန့်နေပြီဖြစ်သည်။ အဆိုပါမီးလောင်မှုကို ထိန်းချုပ်ရန် အစိုးရမှ စစ်တပ်အား ခေါ်ယူခဲ့သည်ဟု ပြောကြားပါသည်။
ဝန်ကြီးချုပ် François Bayrou သည် “မည်သည့်အချိန်တွင်မျှ မဖြစ်ဖူးသည့် ဘေးအန္တရာယ်” ဟုဖော်ပြကာ ထိခိုက်သက်ရောက်မှုအဆင့်သည် ကြီးမားကြောင်းပြောကြားခဲ့သည်။
မီးလောင်မှုသည် Aude မြို့နယ်၏ Ribaute ကျေးရွာ၌ အင်္ဂါနေ့ညနေပိုင်းတွင် စတင်ခဲ့ပြီး ထိုဒေသမှာ ဝိုင်စက်ရုံများရှိရာ ကျေးလက်သစ်တောဒေသတစ်ခုဖြစ်သည်။
မီးသည် ၁၆,၀၀၀ ဟက်တာ (ဧက ၃၉,၅၀၀) ကို လောင်ကျွမ်းခဲ့ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းအထိ “အလွန်အရေးကြီးသည့် အခြေအနေ” ဖြင့် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ ရာသီဥတုမှာလည်း ပူပြင်း၊ ခြောက်သွေ့ကာ လေထန်နေသဖြင့် မီးသတ်သမားများအတွက် မီးထိန်းချုပ်ရန် ခက်ခဲနေသည်။သို့သော်မီးသတ်သမား ၂,၁၀၀ ကျော်နှင့် မီးသတ်လေယာဉ်များစွာပါဝင်ကာ မီးကိုထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိကြသည်။

Saint-Laurent-de-la-Cabrerisse တွင်နေထိုင်သူ Andy Pickup က “မိုးမဲမဲပြာပြာကောင်းကင်က တစ်နာရီလောက်အတွင်းမှာ အနီရောင်မီးလောင်ရာကောင်းကင်ဖြစ်သွားတယ်။ ဒါနဲ့အတူ အပြင်ထွက်ပြီး ကူညီဖို့ကြိုးစားခဲ့တယ်။” ဟုပြောသည်။
ပြည်ထဲရေးဝန်ကြီး Bruno Retailleau က စစ်တပ်သည် ကြာသပတေးနေ့မှစ၍ တပ်သားများစွာဖြင့် အင်အားဖြည့်တင်းပေးမည်ဟု ပြောကြားခဲ့သည်။
ဒေသအာဏာပိုင်များက လူတစ်ဦးသည် သူ၏နေအိမ်တွင် သေဆုံးခဲ့ပြီး၊ မီးသတ်သမား ၁၁ ဦးအပါအဝင် အနည်းဆုံး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး သုံးဦး ပျောက်ဆုံးနေကြောင်း အုပ်ချုပ်ရေးမှူးရုံးက ပြောကြားခဲ့သည်။
Jonquières ရွာ၏ မြို့တော်ဝန် Jacques Piraux က ရွာသားအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်Bayrou သည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် မီးသတ်ဌာန၏ ကွပ်ကဲရေးစခန်း တည်ထောင်ထားသည့် Saint-Laurent-de-la-Cabrerisse ၌ မီးသတ်သမားများနှင့် ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး “အမျိုးသား စည်းလုံးညီညွတ်မှုကို” ဖော်ပြရန် လာရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေသ၏ စီးပွားရေးသည် ဝိုင်နှင့် ခရီးသွားလုပ်ငန်းပေါ်တွင် မှီခိုနေရပြီး “ကဏ္ဍနှစ်ခုလုံး ထိခိုက်မှုရှိပါတယ်” ဟု အလေးပေးပြောကြားခဲ့သည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်မံပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက Aude ဒေသသည် ယခုလအတွင်း မိုးခေါင်ရေရှားမှုကြုံတွေ့နေရပြီး ရေအသုံးပြုမှု ကန့်သတ်ထားကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်လများက မိုးရေချိန်နည်းပါးခဲ့ခြင်းသည် “သစ်ပင်ပန်းမန်များ အလွန်ခြောက်သွေ့နေသဖြင့် မီးပျံ့နှံ့ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်” ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။
“ကျွန်တော်တို့ ဒီမှာ ဆယ်နှစ်လောက်နေလာခဲ့တာ ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး။ နွေရာသီတွေက ပိုပိုပူလာတယ်၊ မိုးတွေလည်း ပိုပိုနည်းလာတယ်။ အဲဒါက အဓိကပြဿနာပဲ။” ဟု ဒေသခံတစ်ဦးကပြောကြားခဲ့သည်။
“မနက်ဖြန်မှာတော့ လေတိုက်နှုန်းပိုတက်လာနိုင်တယ်လို့ သတိပေးခံထားရတယ်” ဟု ထပ်မံဖော်ပြထားကြောင်းသတင်းရရှိပါသည်။