ထိုင်းနိုင်ငံမြောက်ပိုင်း ဖစ်ချဘန်ပြည်နယ်၊ လွန်ဆက်ခရိုင် (Lom Sak district) တွင် မြစ်သုံးသွယ် ရေလျှံမှုကြောင့် ပြင်းထန်စွာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ရေအနက် တစ်မီတာအထိ ရှိခဲ့သည်။
လွန်ဆက်ခရိုင်အုပ်ချုပ်ရေးမှူး ပက်ဖွန် ဖူမီ (Pakpoom Pumee) က မိုးကြောင့် ရေကြီးလာသည့် ပါဆက်မြစ် (Pa Sak River)၊ ပွန်းမြစ် (Pung River) နှင့် နမ်နိုခရိုင် (Nam Nao district) မှ ရေလမ်းကြောင်းတို့သည် လွန်ဆက်ခရိုင်တွင် ပေါင်းဆုံခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။ ထိုမြစ်ရေတို့သည် တစ်မီတာအမြင့်ရှိသည့် ကမ်းပါးများကို ကျော်လွန်လျှံကျခဲ့ပြီး ခရိုင်အတွင်းရှိ မြို့ပြဧရိယာများထဲသို့ စီးဝင်ခဲ့သည်။
အဓိကလမ်းမကြီးများ၊ အစိုးရရုံးများနှင့် စျေးများအပြင် ရပ်ကွက် (၁၁) ခုတို့ ရေနစ်မြုပ်ခဲ့သည်။ ခရိုင်အတွင်း ရေအမြင့် ပျမ်းမျှ (၈၀) မှ (၁၀၀) စင်တီမီတာအထိရှိပြီး ဒေသခံကျောင်း (၅) ကျောင်းကိုလည်း အချိန်အကန့်အသတ်မရှိ ပိတ်ထားကြောင်း မစ္စတာ ပက်ဖုန်က ပြောသည်။
ကယ်ဆယ်ရေးသမားများသည် ရေနစ်မြုပ်နေသော အိမ်များမှ လူများကို ရွှေ့ပြောင်းပေးခဲ့သည်။ အချို့လူများသည် ယာယီခိုလှုံရာနေရာသို့ သွားရောက်ခဲ့ကြပြီး အချို့မှာမူ ဆွေမျိုးများ၏အိမ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
မိုးဆက်မရွာပါက ရေကြီးမှုသည် ရက်အနည်းငယ်အတွင်း ပြန်လည်ကျဆင်းသွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။
၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း လွန်ဆက်ခရိုင်၌ အဆိုးဆုံးရေကြီးမှုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး စတင်ခန့်မှန်းချိန်တွင် ဘတ်ငွေ သန်း (၁၀၀) ခန့်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါသည်။

Source: Bangkok Post