ဖန်ငန်ကျွန်းမှ ရုရှားပိုင် အကြီးစား ကား/ဆိုင်ကယ် အငှားလုပ်ငန်း ဖမ်းဆီးခံရ 🚨🏍️

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီ (Surat Thani) ပြည်နယ်၊ ဖန်ငန်ကျွန်း (Koh Phangan) တွင် ရဲတပ်ဖွဲ့ဝင်များက ရုရှားပိုင်ဆိုင်သော ယာဉ်အငှားကုမ္ပဏီကြီးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ကယ်နှင့် ကား ရာနှင့်ချီ သိမ်းဆည်းကာ လူ ၇ ဦး ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ခရီးသွားရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဒေသဆိုင်ရာ ရဲအရာရှိများ ပူးပေါင်းအဖွဲ့သည် အင်္ဂါနေ့ညနေပိုင်းတွင် တမ်ဘွန် (Tambon) ဖန်ငန်ရှိ Centre Point Market မှ လည်ပတ်နေသော အဆိုပါ ယာဉ်အငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၇ ဦးတွင် Valerii Belomyttcev (အသက် ၃၉ နှစ်) အမည်ရှိ ရုရှားနိုင်ငံသားတစ်ဦးနှင့် Thanyanich (အသက် ၃၉ နှစ်) အမည်ရှိ ထိုင်းအမျိုးသမီးတစ်ဦး တို့ ပါဝင်သည်။ ထိုင်းအမျိုးသမီး Ms. Thanyanich သည် ဖူးခက်တွင် နေထိုင်သည့် ရုရှားလူမျိုး အမှန်တကယ် ပိုင်ရှင် အတွက် ရှေ့ပြေး နိုမီနီအဖြစ် လုပ်ကိုင်သည်ဟု သံသယရှိရသည်။ စုံစမ်းစစ်ဆေးသူများက Ms. Thanyanich သည် လုပ်ငန်းတွင် ငွေကြေးအရ ပါဝင်ပတ်သက်မှု မရှိသည်ကို တွေ့ရှိရသည်။ ဆိုင်သန့်ရှင်းရေးနှင့် ဖောက်သည်ဝန်ဆောင်မှု ဝန်ထမ်းများအဖြစ် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၅ ဦး (အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး) ကိုလည်း ဖမ်းဆီးစစ်ဆေးရန် ထိန်းသိမ်းခဲ့သည်။

Photo Courtesy of Bangkok Post

ဤလုပ်ငန်းကို နိုင်ငံခြားသား ခရီးသွားများထံမှ ပတ်စပို့များကို အပေါင်အဖြစ် သိမ်းဆည်းခြင်း နှင့် အပ်ငွေ (deposits) များကို ပြန်မပေးခြင်း တို့ကြောင့် တိုင်ကြားမှုများအပြီးတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ငန်းသည် သင့်လျော်သော လိုင်စင်များမရှိဘဲ လည်ပတ်နေပြီး၊ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ နိုင်ငံခြားသားများကို ခန့်ထားသည် ဟု သံသယရှိကြောင်း ခရီးသွားရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Pol Maj Gen Krit Warit က ပြောကြားခဲ့သည်။

လုပ်ငန်းခွင်အတွင်းမှ ဆိုင်ကယ်အမျိုးအစားမျိုးစုံ (big bikes, enduro, super cubs) အစီး ၄၀၀ ခန့်၊ ကား ၂၀ စီး နှင့် အပိုပစ္စည်းမြောက်မြားစွာကို သိမ်းဆည်းခဲ့သည်။ သိမ်းဆည်းရမိသော ဆိုင်ကယ်အချို့သည် ဖန်ငန်ကျွန်းတွင် ခိုးမှုသတင်းပို့ထားသည့် ဆိုင်ကယ်များ ဖြစ်နိုင်သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရသည်။ ဖမ်းဆီးခံရသည့် မြန်မာဝန်ထမ်းတစ်ဦးက ကျွန်းပေါ်ရှိ အခြားမြန်မာလုပ်သားများထံမှ ဆိုင်ကယ်များကို ဘတ်ငွေ အနည်းငယ်ဖြင့် ဝယ်ယူခဲ့ကြောင်း ဝန်ခံသည်ဟု ဆိုသည်။

ကုမ္ပဏီသည် ဟိုတယ်လိုင်စင်မရှိဘဲ နေ့အလိုက် တည်းခိုရန် နေရာများ ငှားရမ်းခြင်းနှင့် ယာဉ်များကို ဖြုတ်တပ် ပြင်ဆင်သည့် ခွင့်ပြုချက်မရှိသော ဂိုဒေါင် ကိုလည်း ဖွင့်လှစ်ထားခဲ့သည်။

ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် ယာဉ်အားလုံး၏ ပိုင်ဆိုင်မှု စစ်ဆေးခြင်း လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်ပြီး ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ မှတ်တမ်းများနှင့် စီးပွားရေး လုပ်ငန်းများကို စစ်ဆေးကာ အခြားဥပဒေများ ချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုကို ချဲ့ထွင်သွားမည်ဖြစ်သည်။

Source: Bangkok Post