ယနေ့ (ဇန်နဝါရီ ၁၉ ရက်) တွင် ဖူးခက်ရှိ လူစည်ကားသော လမ်းမပေါ်၌ နိုင်ငံခြားသားတစ်ဦး လူးလှိမ့်နေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ဤဖြစ်စဉ်သည် လွန်ခဲ့သော နှစ်ရက် (ဇန်နဝါရီ ၁၇ ရက်) ညက EDC Thailand 2026 ပွဲကျင်းပရာနေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ban Don–Choeng Thale (Pasak) လမ်းမပေါ်တွင် ဖြစ်ပွားခဲ့သည်။ ၁၂ စက္ကန့်ကြာ ဗီဒီယိုဖိုင်တွင် နိုင်ငံခြားသားအမျိုးသားတစ်ဦးသည် ယာဉ်ကြောပိတ်ဆို့နေသော လမ်းမလယ်တွင် သတိလွတ်နေဟန်ဖြင့် လူးလှိမ့်နေသည်ကို တွေ့ရသည်။ ၎င်းနှင့်အတူပါလာသူတစ်ဦးက လာရောက်ဆွဲခေါ်သွားသဖြင့် ကားတိုက်ခံရမည့် အန္တရာယ်မှ ကံကောင်းထောက်မစွာ ကင်းဝေးခဲ့သည်။
ဤဗီဒီယိုအပေါ် ထိုင်းအင်တာနက်အသုံးပြုသူများက ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။အချို့က ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒ (Free Visa) ကြောင့် အရည်အသွေးမမီသော ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ပြစ်တင်ရှုံ့ချကြသည်။ အချို့ကမူ ၎င်း၏အမူအရာမှာ အရက်ကြောင့်မဟုတ်ဘဲ မှို (Magic Mushrooms) ကဲ့သို့သော စိတ်ကြွဆေးဝါးတစ်မျိုးမျိုး သုံးစွဲထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးကြသည်။
ပြီးခဲ့သည့် အပတ်ကလည်း ဖူးခက်၊ ရာဝိုင် (Rawai) နယ်မြေတွင် “Mushroom Temple” ဟု အမည်ပေးထားသော နေရာတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ရုရှားအမျိုးသားနှစ်ဦးနှင့်အတူ မှို ၁၀ ကီလိုခန့် ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် စိတ်ဖိစီးမှုလျော့ကျစေသည်ဟု ဆိုကာ နိုင်ငံခြားသား ခရီးသည်များကို ပစ်မှတ်ထား၍ မှိုများ ရောင်းချနေခြင်းဖြစ်သည်။
လက်ရှိတွင် အာဏာပိုင်များအနေဖြင့် အဆိုပါပွဲတော်ဝန်းကျင်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းချမှုများ ရှိ၊ မရှိကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ရန် တောင်းဆိုမှုများ ရှိနေပါသည်။
Source: Thaiger
