ဖူးခက်၊ ချလောင်ဆိပ်ကမ်းတွင် မနက်အစောပိုင်း မီးလောင်မှုဖြစ်ပွားပြီး အမြန်ရေယာဉ် ၂၂ စီး ပျက်စီးဆုံးရှုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်ရှိ နာမည်ကြီး ချလောင်ဆိပ်ကမ်း (Chalong Pier) တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် မနက်အစောပိုင်း ၄ နာရီခန့်က အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကမ္ဘာလှည့်ခရီးသည်တင် အမြန်ရေယာဉ် အစီး ၂၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မျက်မြင်သက်သေများနှင့် တာဝန်ရှိသူများ၏ ကနဦးပြောကြားချက်အရ မီးသည် ဆိပ်ကမ်းတွင် ရပ်နားထားသော အမြန်ရေယာဉ်တစ်စီးပေါ်မှ ပေါက်ကွဲမှုတစ်ခုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ပင်လယ်လေပြင်းများကြောင့် မီးတောက်များမှာ ဘေးရှိ အခြားလှေများသို့ အရှိန်အဟုန်ဖြင့် ကူးစက်သွားခဲ့ခြင်း ဖြစ်သည်။

Photo Courtesy of Bangkok Post

မီးသတ်အဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုအချိန်တွင် ဒီရေကျနေသည့်အတွက် လှေများအနီးသို့ ချဉ်းကပ်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး မီးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြန့်ကြာမှုများ ရှိခဲ့သည်။

ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူးက လောင်စာဆီများ ပင်လယ်အတွင်း ပျံ့နှံ့ကာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်အတွက် မီးသတ်ဖော့ (Foam) များ အသုံးပြု၍ ထိန်းချုပ်ရန် ညွှန်ကြားထားသည်။ ထို့အပြင် မီးလောင်ရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် ဆိပ်ကမ်းရှိ CCTV မှတ်တမ်းများကို အရေးပေါ် ပြန်လည်စစ်ဆေးရန်နှင့် မှုခင်းဆေးပညာ အဖွဲ့များဖြင့် စုံစမ်းရန် အမိန့်ပေးထားသည်။

Photo Courtesy of Pattaya Mail

လှေပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ ၎င်း၏ အမြန်ရေယာဉ် ၃ စီး ပျက်စီးသွားခဲ့ပြီး လှေအကြီးတစ်စီးလျှင် ဘတ် ၅ သန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။ လှေများအားလုံးမှာ ခရီးသည်များ တင်ဆောင်ရန် ဆီအပြည့် ဖြည့်ထားသည့်အတွက် မီးလောင်မှုမှာ ပိုမိုပြင်းထန်ခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ခရီးသည် ၁၀၀ ကျော်၏ ကျွန်းပတ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ရသဖြင့် ခရီးသွားလုပ်ငန်းကိုလည်း ရိုက်ခတ်မှုများ ရှိနေသည်။

Source: Khaosod