ဗီယက်နမ်သို့  Bualoiမုန်တိုင်း ဝင်ရောက်၊ လူ၁၂ ဦး သေဆုံးပြီး ရေကြီးမှုနဲ့ မီးပြတ်တောက်မှုတွေ ဖြစ်ပေါ်

ဗီယက်နမ်နိုင်ငံကို Typhoon မုန်တိုင်း Bualoi  ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ပြင်းထန်သော မိုးသည်းထန်မှုနှင့် လေပြင်းများကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာ ကုန်းပေါ်ဝင်ရောက်ခဲ့တဲ့ ဒီမုန်တိုင်းကြောင့် လူ ၁၂ ဦး သေဆုံးပြီး ငါးဖမ်းသမားများ အပါအဝင် နောက်ထပ် ၁၇  ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက အတည်ပြုခဲ့ပါတယ်။ ပျောက်ဆုံးသူတွေကို အသည်းအသန် ရှာဖွေနေပါတယ်။

ကုန်းပေါ်မဝင်မီ ၈  မီတာ အထိ မြင့်မားတဲ့ လှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့တဲ့ ဒီမုန်တိုင်းဟာ နောက်ပိုင်းမှာ အပူပိုင်း မုန်တိုင်းငယ်အဖြစ် အားပျော့သွားပြီး လာအိုနိုင်ငံဘက်ကို ရွေ့လျားသွားခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်မှာ အဝေးပြေးလမ်းမကြီးတွေ ရေလွှမ်းမိုးခဲ့ပြီး ယာဉ်တွေကိုပါ ရေမြုပ်စေခဲ့သလို ဒေသများစွာကိုလည်း ဆက်သွယ်မှု ဖြတ်တောက်စေခဲ့ပါတယ်။

ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် အိမ်တွေ ပြိုကျခဲ့ရပြီး ငါးဖမ်းလှေတစ်စင်းလည်း လေတိုက်လို့ မျောပါသွားခဲ့ပေမယ့် လှေပေါ်ပါ ၄  ဦးကတော့ ကမ်းပေါ်ကို ကူးခတ်နိုင်ခဲ့ပါတယ်။

မုန်တိုင်းမဝင်ရောက်မီ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိမ်ထောင်စု ၃၄၇,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ ဒေသခံတွေက ဒါဟာ သူတို့ ကြုံဖူးသမျှထဲမှာ အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုလို့ ပြောပါတယ်။ အစိုးရဟာ ကြိုတင်ပြင်ဆင်မှုအနေနဲ့ လူပေါင်း ၂၈,၅၀၀ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသလို ဗဟိုဒေသက လေဆိပ် ၄ ခုကိုလည်း ပိတ်ခဲ့ရတဲ့အတွက် လေကြောင်းခရီးစဉ်တွေလည်း ဖျက်သိမ်း၊ ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒီ Bualoi မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမှာလည်း အနည်းဆုံး လူ ၂၀ သေဆုံးစေခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခတ်ခဲ့တဲ့  Typhoon Ragasa မုန်တိုင်းနောက်ပိုင်း အာရှကို ဒုတိယအကြိမ် ဝင်ရောက်လာတဲ့ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

Source: Al Jazeera