ဗုဒ္ဓဘာသာ ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည့် ရာဇဝတ်မှုများတွင် ပါဝင်သည့် သံဃာတော်များနှင့် သံသယရှိသူများအား CIB အဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လိုက်လံဖမ်းဆီး

ဗုဒ္ဓဘာသာ၏ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ရာဇဝတ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသော သံဃာတော် ၁၅၄ ဦးနှင့် လူဝတ်လဲပြီးသူ ၂၇ ဦးကို ဖမ်းဆီးဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဲတပ်ဖွဲ့က တင်းကျပ်စွာ လှုပ်ရှားမှုတစ်ရပ်ကို အင်္ဂါနေ့ မနက်ပိုင်းတွင် စတင်ခဲ့ကြောင်း သိရပါသည်။

ဗုဒ္ဓဘာသာကို ထိခိုက်မှုများကာကွယ်တားဆီးရေးဗဟိုဌာန(Centre to Combat Threats Against Buddhism) ဟု လူသိများသည့် ဤယူနစ်ကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (Central Investigation Bureau – CIB) ဥက္ကဌ Police Lieutenant General ဂျီရာပုပ် ဖူရီဒက် (Pol Lt Gen Jirapop Phuridej) က ဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာမလျော်ကန်မှုနှင့် အဂတိလိုက်စားမှုများအပါအဝင် ဘုန်းကြီးအကြီးအကဲများ ပါဝင်ပတ်သက်သည့် မကြာသေးမီက ဖြစ်ပွားခဲ့သော ပြဿနာများကို တုံ့ပြန်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့နံနက်ပိုင်းတွင် Jirapop က သူ၏လက်ထောက် ရဲမှူးကြီး (Jaroonkiart Parnkaew) အား သံဃာတော် ၁၅၄ ဦးနှင့် လူဝတ်လဲပြီးသူ ၂၇ ဦးတို့အား ရှာဖွေဖမ်းဆီးစစ်ဆေးရန်အတွက် တစ်နိုင်ငံလုံးရှိ နေရာပေါင်း(၂၀၀) ကျော် သို့ အရာရှိများစေလွှတ်ရန် ညွှန်ကြားခဲ့ကြောင်းသိရှိရပါသည်။

Jirapop က သံသယရှိသူများသည် ဘုရားကျောင်းရန်ပုံငွေများ အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု၊ အရက်မူးပြီး ကားမောင်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် နိုင်ငံတကာမှုခင်းအဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်မှုများ စသည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု ထင်ရပြီး လူဝတ်လဲပြီးသူများသည် ရဟန်းဘဝတွင် ရှိနေစဉ်ကပင် ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရကြောင်းပြောကြားခဲ့ပါသည်။

CIB သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ သံသယရှိသူတစ်ဦးသာ ယခုအထိ ဖမ်းဆီးရမိကြောင်း သိရသည်။ ထိုသူမှာ ပထမ်ထနီ (Pathum Thani)ပြည်နယ်၊ ကလောင်လွမ် (Klong Luang) ခရိုင်၊ တမ်ဘွန်ကလောင်ဟုမ်(Tambon Klong Hok) ရှိ ဝတ်တမ်ဘွန်း(Wat Wan Boon)ဘုန်းကြီးကျောင်း တွင် သီတင်းသုံးနေသည့် အသက် ၄၅ နှစ်အရွယ် ဖာရာစုရတ် (Phra Surat) ဖြစ်သည်။

Surat သည် နိုင်ငံတကာမူးယစ်ဆေးဝါးကွန်ရက်တစ်ခုအတွက် ငွေကြေးခဝါချမှုဖြင့် သံသယရှိခံရပြီး ရဲအရာရှိများသည် ၎င်းအား လူဝတ်လဲစေရန် ၎င်း၏ကျောင်းသို့ ခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသော Surat သည် အပြစ်မရှိကြောင်း ပြောဆိုကာ “ဘဏ်အကောင့်မှာ ငါမသုံးဘဲ၊ ဘုရားကျောင်းကို ကုသိုလ်လာလုပ်တဲ့ လူတစ်ယောက်က သုံးတာပါ။ ငါဘာမှမသိပါဘူး” ဟုထွက်ဆိုခဲ့သည်။

ထိုအချိန်အထိ CIB ရဲအဖွဲ့ဝင်များသည် ကျန်ရှိနေသည့် သံဃာတော်များနှင့် သံသယရှိသူများကို တနိုင်ငံလုံးရှိ နေရာများတွင် ဆက်လက်စွာ ရှာဖွေနေဆဲ ဖြစ်ကြောင်း သတင်းရရှိပါသည်။