ဘတ်ငွေ တန်ဖိုးမာလာ၍ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ငွေကြေးလဲလှယ်မှုများကို ထိန်းချုပ်ရန် အမိန့်ပေး

ဘန်ကောက်၊ ထိုင်း — ထိုင်းဗဟိုဘဏ် (BOT) အုပ်ချုပ်ရေးမှူး Vitai Ratanakorn က ဘတ်ငွေတန်ဖိုး ခိုင်မာလာမှုကို စောင့်ကြည့်နေကြောင်းနှင့် ရွှေရောင်းဝယ်သူများ၊ နိုင်ငံခြားငွေ လဲလှယ်သူများ၏ ငွေကြေးလဲလှယ်မှုဆိုင်ရာ လုပ်ငန်းများကို တင်းကျပ်စွာ ထိန်းချုပ်ရန် အမိန့်ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Vitai ၏ ပြောကြားချက်အရ ဒီဇင်ဘာလ အစောပိုင်းမှစ၍ ဘတ်ငွေတန်ဖိုးသည် ၂.၅% ခိုင်မာလာခဲ့ခြင်း တွင် အောက်ပါ အကြောင်းရင်းများ ပါဝင်သည်။အဓိကအားဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာခြင်း၊ နှစ်ကုန်ပိုင်းတွင် ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်များမှ နိုင်ငံခြားငွေများ ပိုမိုစီးဝင်လာခြင်းအပြင် ငွေချေးသက်သေခံလက်မှတ် (Bond) နှင့် စတော့ဈေးကွက်များသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်း၊ ရွှေရောင်းဝယ်သူများက အမေရိကန်ဒေါ်လာများကို ဘတ်ငွေဝယ်ရန် သိသာထင်ရှားသော ပမာဏဖြင့် ရောင်းချခြင်းကြောင့် ဖြစ်သည်။

ဗဟိုဘဏ်သည် ဘတ်ငွေ လှုပ်ရှားမှုများကို စီမံခန့်ခွဲရန်နှင့် ရွှေလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ရောင်းချပြီး ဘတ်ငွေဝယ်ယူသည့် လုပ်ငန်းများကို စိစစ်မှုများ တင်းကျပ်ရန်အတွက် ဝင်ရောက်ဆောင်ရွက်လျက်ရှိသည်။စီးပွားရေးဘဏ်များအား ရွှေလုပ်ငန်းများ၏ ဘတ်ငွေဝယ်ယူရန် နိုင်ငံခြားငွေ ရောင်းချမှုအတွက် စာရွက်စာတမ်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန် ညွှန်ကြားထားသည်။

Photo Courtesy of Bangkok Post

အဓိက ရွှေရောင်းဝယ်သူများထံမှ နိုင်ငံခြားငွေ လဲလှယ်ခြင်းဆိုင်ရာ အချက်အလက်များကို တောင်းဆိုပိုင်ခွင့် ဗဟိုဘဏ်အား ပေးအပ်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အသိပေးချက်ကို တောင်းဆိုနေသည်။ရွှေရောင်းဝယ်မှု၊ အထူးသဖြင့် အွန်လိုင်းအရောင်းအဝယ်များအပေါ် ကြီးကြပ်ကွပ်ကဲရန် အစိုးရအေဂျင်စီတစ်ခု သတ်မှတ်ရန် ဖြစ်နိုင်ခြေကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးလျက်ရှိသည်။

ပုံမှန်စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်သော မလိုလားအပ်သည့် စီးဝင်မှုများကို တားဆီးရန်အတွက် နိုင်ငံခြားငွေ ရောင်းချပြီး ဘတ်ငွေဝယ်ယူသည့် လုပ်ငန်းများကို စစ်ဆေးသွားမည်ဖြစ်ပြီး၊ စီးပွားရေးဘဏ်များအား နိုင်ငံခြားငွေ စီးဝင်မှုများကို အနီးကပ် စိစစ်ရန် ညွှန်ကြားထားသည်။

ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Vitai ၏ ပြောကြားချက်အရ အချို့သော ကာလများတွင် ရွှေရောင်းဝယ်သူများ၏ ဒေါ်လာရောင်းချမှုသည် စုစုပေါင်း နိုင်ငံခြားငွေလဲလှယ်မှု၏ ၂၀% ခန့် အထိ ရှိနေပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်သည် ဘတ်ငွေ တည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိနေကြောင်း သိရသည်။

Source: Nation Thailand