ဘတ်သန်း ၁,၀၀၀ ကျော်ဖိုး လျှပ်စစ်ခိုးယူမှုနှင့်PEA အရာရှိ ၄ ဦး ပါဝင်သည့် ခရစ်ပတိုဂိုဏ်းကို ဖော်ထုတ်ခံရ

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI)က အစိုးရအရာရှိကြီးများ ကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် အကြီးစား တရားမဝင် crypto ငွေကြေးတူးဖော်ရေးဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးလိုက်သည့် သတင်းကို တင်ဆက်ပေးပါမည်။

(DSI) အနေဖြင့် “Operation Copperhead” နှင့် “Clean House” စီမံချက်များအရ ဘန်ကောက်နှင့် အနီးတစ်ဝိုက်ရှိ နေရာ ၇ နေရာကို ဝင်ရောက်စီးနင်းခဲ့ရာတွင် Bitcoin တူးစက် အလုံးရေ ၃,၆၄၂ လုံးကို သိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါဂိုဏ်းသည် လျှပ်စစ်ဓာတ်အားများကို စနစ်တကျ ခိုးယူအသုံးပြုခဲ့ခြင်းကြောင့် ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) အနေဖြင့် ဘတ်ငွေ သန်း ၁,၀၀၀ ကျော်ဖိုး ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရှိရပါသည်။

Photo Courtesy of Thaiger

အဆိုပါအမှုတွင်(PEA) အရာရှိ ၄ ဦးသည် လုပ်ငန်းနောက်ကွယ်မှ ပါဝင်ကူညီခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အရာရှိ ၃ ဦးနှင့် အငြိမ်းစား ၁ ဦးတို့သည် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ စက်ပစ္စည်းများ ထားရှိရန် နေရာစီစဉ်ပေးခြင်း၊ ထရန်စဖော်မာများ တပ်ဆင်ပေးခြင်းနှင့် လျှပ်စစ်ခိုးယူမှုကို ဖုံးကွယ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။ ယင်းအတွက်ကြောင့် ၎င်းတို့သည် တစ်လလျှင် ဘတ်ငွေ ၁၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော်အထိ လာဘ်ငွေ ရယူခဲ့ကြောင်း ခိုင်လုံသော ငွေကြေးအထောက်အထားများ တွေ့ရှိထားပါသည်။

လက်ရှိတွင် ပါဝင်ပတ်သက်သည့် အရာရှိများအားလုံးကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး အမှုတွဲများကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ထံသို့ လွှဲပြောင်းတင်ပြသွားမည် ဖြစ်ပါသည်။DSI ဒုတိယညွှန်ကြားရေးမှူး Khemchart Prakaihongmanee က မည်သည့်အဆင့်အတန်းရှိသည့် အရာရှိဖြစ်စေ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု အတည်ပြု ပြောကြားထားပါသည်။ အာဏာပိုင်များအနေဖြင့် ယင်းလုပ်ငန်းနောက်ကွယ်မှ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ်လျက် ရှိပါသည်။

Source: Thaiger