ဘန်ကောက်တွင် တရားမဝင် ဒရုန်း အစင်းရေ ၂,၀၀၀ ကျော်ကို Cyber ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် အမျိုးသားလုံခြုံရေးကို အထူးစောင့်ကြည့်ဖို့ ညွှန်ကြားချက်အရ အခုလို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့၊ လတ်ကရာဘန်းခရိုင်၊ သပ်ယောင်း (Thap Yao) ရပ်ကွက်ရှိ ဂိုဒေါင်နှစ်ခုကို မတ်လ ၂၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တာပါ။ လိုင်စင်မဲ့ ဒရုန်းအစင်းရေ ၂,၀၈၃ စင်း၊ CCTV ကင်မရာ ၁၆၉ လုံး၊ အင်တာနက်လိုင်း လွှင့်ထုတ်စက် ၂၇ လုံးနဲ့ တခြားဆက်စပ်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

Photo – Thaiger

ဒီဂိုဒေါင်ဟာ ပြည်ပကနေ ဒရုန်းတွေကို တရားမဝင် မှောင်ခိုသွင်းပြီး ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းအရောင်းပလက်ဖောင်းတွေပေါ်မှာ ဆိုင်ခွဲ ၁၀ ခုထက်မက ဖွင့်လှစ်ကာ ရောင်းချနေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းရဲ့ နောက်ကွယ်မှာ နိုင်ငံခြားသားတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီဒရုန်းတွေကို စနစ်တကျ ထိန်းချုပ်ခြင်းမရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေတာဟာ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေမှာ အသုံးပြုသွားမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

တရားမဝင် ရေဒီယိုဆက်သွယ်ရေးပစ္စည်း လက်ဝယ်ထားရှိမှု၊ အကောက်ခွန်မဲ့ပစ္စည်း သိုလှောင်ရောင်းချမှု စတဲ့ ပုဒ်မတွေနဲ့ အရေးယူမှာဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်၊ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁ သိန်း (ဒါမှမဟုတ် ကုန်ပစ္စည်းတန်ဖိုးရဲ့ ၄ ဆ) အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

Source;The Nation