ဘန်ကောက်၊ ထိုင်း — ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) သန်းခေါင်ယံအချိန်က ဘန်ကောက်မြို့၊ စတုချက် (Chatuchak) ခရိုင်ရှိ နှစ်ထပ်တိုက် တိုက်ခန်းတွဲတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် ၎င်းမွေးမြူထားသော ကြောင် ၁၀ ကောင်ကျော် သေဆုံးခဲ့သည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ယနေ့ သန်းခေါင်ယံ ၁၂ နာရီကျော်အချိန်တွင် Lat Yao နယ်မြေ၊ Soi Thetsaban Rang Rak Nuea 14 ရှိ လူနေအိမ်တိုက်ခန်းတွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ၅ မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရသည်။ မီးငြိမ်းသွားပြီးနောက် အိမ်အောက်ထပ်တွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီး ဒုတိယထပ်တွင် မီးခိုးမွှန်၍ သေဆုံးနေသည့် ကြောင် ၁၀ ကောင်ကျော်ကို ထပ်မံတွေ့ရှိခဲ့ရသည်။ကနဦး စစ်ဆေးချက်များအရ အောက်ထပ် မီးဖိုချောင်ရှိ အဝတ်လျှော်စက် (Washing Machine) မှ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ယူဆရသည်။

လက်ရှိတွင် မှုခင်းဆေးပညာရှင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို အသေးစိတ် စစ်ဆေးနေဆဲဖြစ်သည်။ သေဆုံးသူ အမျိုးသား၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်နှင့် ဆွေမျိုးများထံ အကြောင်းကြားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
ယခုလအစောပိုင်းကလည်း ဘန်ကောက်မြို့၊ Klong Toey ခရိုင်ရှိ ၆ ထပ်တိုက် စီးပွားရေးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမေရိကန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးသည်။
နှစ်ကုန်ပိုင်းကာလများတွင် လျှပ်စစ်ပစ္စည်းများ အသုံးပြုရာ၌ ဝါယာရှော့မဖြစ်စေရန်နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် အထူးသတိပြုကြဖို့ တိုက်တွန်းလိုက်ရပါသည်။
Source: Thaiger
