ဘန်ကောက်တွင် Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြည့်မှု အရှိန်မြှင့်၊ ဆေးရုံများကို အသင့်ပြင်ထားရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဘန်ကောက်မြို့တော် ကျန်းမာရေးအာဏာပိုင်များက Mpox ရောဂါပိုး ပြန့်နှံ့မှုကို ထိန်းချုပ်ရန်အတွက် မြို့တော်စည်ပင် (BMA) လက်အောက်ရှိ ဆေးရုံများအားလုံးတွင် သံသယရှိလူနာများကို အထူးစစ်ဆေးရန်နှင့် တွေ့ရှိပါက ချက်ချင်းသီးခြားခွဲထားရန် (Isolate) အမိန့်ထုတ်ပြန်လိုက်သည်။

ဆေးရုံများရှိ အရေးပေါ်ဌာနများနှင့် ပြင်ပလူနာဌာနများတွင် လူနာများကို အသေအချာ စစ်ဆေးရမည်ဖြစ်ပြီး အထူးသဖြင့် အရေပြားရောဂါ၊ HIV နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါကု ဆေးခန်းများကို အထူးသတိပြုရန် ညွှန်ကြားထားသည်။Sirindhorn ဆေးရုံကို Mpox ရောဂါ စောင့်ကြည့်ထိန်းချုပ်ရေး ဗဟိုဌာနအဖြစ် သတ်မှတ်ထားပြီး သံသယရှိသူများကို ဓာတ်ခွဲခန်းတွင် အမြန်ဆုံး အတည်ပြုစစ်ဆေးရမည်ဖြစ်သည်။

ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခဲ့သူများ (နှာခေါင်းစည်းမပါဘဲ ၁ မီတာအကွာတွင် ရှိနေသူများ) အနေဖြင့် ၂၁ ရက်ကြာ မိမိကိုယ်ကို စောင့်ကြည့်ရမည်။ဖျားခြင်း၊ နားနောက်၊ လည်ပင်း သို့မဟုတ် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ လိင်အင်္ဂါ၊ လက်၊ ခြေ၊ ရင်ဘတ် သို့မဟုတ် မျက်နှာတို့တွင် အဖုအပိမ့်များနှင့် ရေကြည်ဖုများ ထွက်ခြင်း။ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်ရောဂါရှိသူများတွင် အဆုတ်ရောင်ခြင်းနှင့် အသက်အန္တရာယ်အထိ ပြင်းထန်သော နောက်ဆက်တွဲဝေဒနာများ ခံစားရနိုင်သည်။

ကာကွယ်ရေး တိုက်တွန်းချက်

▪️အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။

▪️အစားအစာနှင့် ကိုယ်ရေးကိုယ်တာ အသုံးအဆောင်များကို မျှဝေမသုံးပါနှင့်။

▪️ဘေးကင်းသော လိင်ဆက်ဆံမှုကို ပြုလုပ်ပါ။

ရောဂါလက္ခဏာရှိပါက ၁၆၄၆ (ဘန်ကောက်ကျန်းမာရေး ဟော့လိုင်း) သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်သလို “Doctor BMA” application မှတစ်ဆင့်လည်း ဆရာဝန်များနှင့် ဆွေးနွေးနိုင်သည်။

ကာကွယ်ဆေး (Vaccination) ကိုမူ ရောဂါကူးစက်နိုင်ခြေ မြင့်မားသည့် အလုပ်အကိုင်ရှိသူများနှင့် ပိုးရှိသူနှင့် ထိတွေ့ခဲ့သူများကိုသာ ထိုးနှံရန် အကြံပြုထားသည်။

Source: Khaosod